top of page

ကချင်ပြည်နယ်တွင် အခြေခံပညာရေးကျောင်းများအားလုံး ပုံမှန် ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်သော်လည်း ကျောင်းသုံးပုံနှိပ်စာအုပ် မလုံလောက်သောကြောင့် အခက်အခဲဖြစ်‌နေကြရ

  • Writer: Pajau Media
    Pajau Media
  • Jun 17
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဇွန်လ၊၂၀၂၅။


ree

ကချင်ပြည်နယ်တွင် အခြေခံပညာရေးကျောင်းများအားလုံး ကျောင်းပုံမှန် ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်သော်လည်း ကျောင်းသား/သူအများစုမှာ ကျောင်းသုံးပုံနှိပ်စာအုပ် မလုံလောက်သောကြောင့် စာသင်ယူချိန် အခက်အခဲဖြစ်ကြရသည်ဟု ကျောင်းသားများက ပြောသည်။


“ကျောင်းကပုံမှန်ပြန်ဖွင့်နေပြီ။ အဲ့တာ ပုံနှိပ်စာအုပ်က ခုချိန်ထိ ကျောင်းသားတိုင်း မရသေးဘူး။ ကျောင်းခန်းတစ်ခန်းမှာ ပုံနှိပ်စာအုပ်ရတဲ့ ကျောင်းသားတွေက နဲနဲလေး။ နေ့တိုင်း‌ပေါင်းကြည့်နေရတယ်။ ကျောင်းကလည်း ထုတ်ပေးမယ်ဆိုပြီး ခုချိန်ထိ မထုတ်ပေးသေးဘူး။ လမ်းတွေခက်လို့ အပြင်မှာဝယ်ယူဖို့လည်း ခက်တယ်။ ခုချိန်ထိတော့ လက်ဆင့်ကမ်းခဲ့တဲ့ စာအုပ်တွေဘဲ သင်ယူနေတယ်” ဟု ကျောင်းသားတစ်ဦးက ပြောသည်။


ကျောင်းသားများပြောဆိုချက်အရ ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူ ကျောင်းသုံးပုံနှိပ်စာအုပ် မလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် အပြင်ဆိုင်မှ ဝယ်ယူရာတွင်လည်း အလုအယက်ဝယ်ယူကြရခြင်းနှင့် အချို့မှာ လက်ဆင့်ကမ်းခဲ့သည့် ပုံနှိပ်စာအုပ်ဖြင့်သာ သင်ယူနေကြရခြင်းဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ကျောင်းသားများမှာ စသင်ယူချိန် ပေါင်းကြည့်ကာ သင်ယူရပြီး၊ အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။


“ကျနော်တို့အတန်းမှာက တစ်တန်းလုံးမှာ ၄ ယောက်၊၅ ယောက်ပဲ စာအုပ်ရတယ်။ အဲ့တာကို အတူပေါင်းကြည့်ပြီး သင်ရတော့ အဆင်မပြေဘူး။ အပြင်ဆိုင်တွေမှာလည်း မရှိဘူး။ ကျောင်းကလည်း မထုတ်ပေးဘူးဆိုတော့ တော်တော်အခက်တွေ့နေရတယ်။” ဟု အထက်တန်း ကျောင်းသားတစ်ဦးကလည်း ပြောသည်။


အစိုးရက ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ပညာသင်နှစ်မှစပြီး မူလတန်းမှ အထက်တန်းအထိ ကျောင်းကထုတ်ပေးသော ပုံနှိပ်ဖတ်စာအုပ်များကို စာမေးပွဲဖြေဆိုပြီးချိန် ပြန်လည်အပ်နှံရန် ထုတ်ပြန်ထားခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းဖွင့်ကာလ ၁၀ ရက်ကြာလာသော်လည်း မထုတ်ပေးသေးဘူးဟု ဆိုသည်။


ထို့အပြင် မြစ်ကြီးနားမြို့အတွင်း အပြင်စာအုပ်ဆိုင်များတွင် အလယ်တန်းမှ အထက်တန်းအထိ ပုံနှိပ်စာအုပ်တန်ဖိုးမှာ နှစ်သောင်းခွဲမှ လေးသောင်းခွဲအထိ ရှိနေပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် စာအုပ်ရှားပါးကာ အလုအယက် ဝယ်ယူကြရသည်ဟု ဆိုသည်။ သို့သော် ကျောင်းသားအများစုမှာ ပုံနှိပ်စာအုပ် မရသေးသူများဖြစ်သည်။


အလားတူ ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့မှစပြီး ကချင်ပြည်နယ်မှ G-12 အတန်းတင်စာမေးပွဲကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုနေပြီဖြစ်သော်လည်း လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးနှင့် နိုင်ငံရေးအခြေအနေကြောင့် ကျောင်းသား/သူ သုံးပုံမှ နှစ်ပုံခန့်သာ လာရောက်ဖြေဆိုနေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page