လန်ဆယ်တွင် အမျိုးသမီးတစ်ဦး ရိုက်နှက်ခံခဲ့ရပြီး၊ ဂျာလီအောင် အလိုမရှိကြောင်း အမျိုးသမီးများ ဆန္ဒပြ
- Pajau Media
- 6 days ago
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဩဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်မြို့တွင် အမျိုးသမီးတစ်ဦးကို တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ရိုက်နှက်ကျူးလွန်မှု ဖြစ်ပွားခဲ့ပြီး၊ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင် အလိုမရှိကြောင်း အမျိုးသမီးများနှင့် ပြည်သူများ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်၂၉ရက် ညနေပိုင်းအချိန် လန်ဆယ်မြို့မှ စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦးနှင့် တပ်ရင်းမှူးတို့ စကားများရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရိုက်နှက်ခံရသူ အမျိုးသမီးမှာ အသက်(၃၄)နှစ်အရွယ်ရှိ မအာလူးမီးဆိုသူ ဖြစ်ပြီး၊ မိုးကုတ်မှ လန်ဆယ်ဒေသတွင် လာရောက်လုပ်ကိုင် နေထိုင်သူဖြစ်ကြောင်း၊ ရိုက်နှက်သူမှာလည်း တပ်ရင်း(၅၁)မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်ဖြစ်ကာ ရဲဘော်နှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် မအားလူးမီးမှာ ဝိုင်းရိုက်ခံရမှုကြောင့် မျက်နာအပြင် လက်၊ပေါင်များ ဒဏ်ရာရရှိကာ၊ ခြောက်ပေါက်ထည့်ခံခဲ့ရပြီး၊ လန်ဆယ်တွင်ရောက်ရှိနေသည့် အမျိုးသမီးများ ဆန္နပြတောင်းဆိုမှု ပြုလုပ်ခဲ့ရာ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။
အမျိုးသမီးမှာ လုပ်ကွက်ထဲမှ ရွှေခိုးသည်ဟု စွပ်စွဲကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသော်လည်း အမှုမှန်အတွက် တာဝန်ရှိသူများ ဆက်လက်တာဝန်ယူ ဖြေရှင်းပေးရန် လန်ဆယ်ရှိအမျိုးသမီးများ လိုလားနေကြသည်။
လန်ဆယ်ဒေသသည် ပြီးခဲ့သည့်နှစ်တွင် KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးပိုင်းများ စတင်လည်ပတ်နေသည့် ဒေသဖြစ်သည့်အပြင် ရွှေတူးဖော်မှုများ အလွန်အကျွံ တူးဖော်လုပ်ကိုင်နေကြသည့် ဒေသအဖြစ်လည်း ကျော်ကြားသည့် ဒေသဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း
Comments