ဖားကန့်ဒေသ စစ်ရေးပြင်းထန်သည့်အပြင် စစ်တပ်မှ အပြစ်မဲ့ပြည်သူများ ပစ်ခတ်သတ်ဖြတ်မှုရှိနေ
- Pajau Media

- Nov 13
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊နိုဝင်ဘာ၊၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီက နိုဝင်ဘာ ၉ရက်နေ့ကတည်းက စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားလာသည့်အပြင် ကျေးရွာအတွင်း ပြည်သူများကို အပြစ်မဲ့ ပစ်ခတ်သတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက နိုဝင်ဘာ ၁၀ရက်နေ့ ည ၁၀နာရီအချိန်ခန့်တွင်လည်း ပြည်သူများ နေထိုင်သည့် ဟိုတယ်ခန်းများတွင် ဝင်ရောက်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအချိန်ထဲတွင် ဆိုင်ကယ်ဖြင့် မှော်ဆီစာဘက်မှ ပြန်လာသည့် ပြည်သူနှစ်ဦးကိုလည်း စစ်ကောင်စီမှ ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့်အပြင် တိုက်ပွဲအတွင်း ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိပါက တိုက်ပွဲဖြစ်ပွားသည့်နေရာများအပြင် တိုက်ပွဲမဖြစ်သည့် နေရာများအထိ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း စသည့်လုပ်ဆောင်ချက်များ လုပ်ဆောင်တတ်ကြောင်း သိရသည်။
စစ်ကော်စီက နိုဝင်ဘာ ၁၁ရက်နေ့ နေ့လည် ၁နာရီ ခွဲဝန်းကျင်တွင်လည်း Y-12 လေယာဥ်ဖြင့် ပျံဝဲကာ တောမှော်၊ ကထန်ယန်နှင့် ကံဆီးဘက်ကို အနည်းဆုံး ဗုံး(၁၀)လုံးထက်မနည်း ကြဲချသွားပြီး၊ လုံးခင်းကျေးရွာအုပ်စု ကထန်ယန်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်တွင် ဗုံးကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဖားကန့်ဒေသသည် ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင် အနည်းငယ် ငြိမ်သက်နေသော်လည်း နိုဝင်ဘာလ ၉ရက်နေ့မှစပြီး စစ်ရေးလုပ်ရှားလာသောကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်း တပ်ကြား ထိတွေ့တိုက်ပွဲများ တစ်ဖန်ပြန်လည်ဖြစ်ပွားလာခဲ့သည်။
စစ်ကော်မရှင်သည် ဖားကန့်ဒေသတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက် ပြန်လည်လုပ်ဆောင်လာသည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း



Comments