top of page

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသမှ ဂရိတ်ဖရုသီး

  • Writer: Pajau Media
    Pajau Media
  • Jan 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ (သတင်းဆောင်းပါး)



ကချင်ပြည်နယ်တွင်မက မြန်မာပြည်‌ နေရာဒေသအနံ့မှ ပြည်သူများ သိရှိပြီး ဝယ်ယူစားသုံးရန် သို့မဟုတ် မိသားစု၊ မိတ်ဆွေများအတွက် လက် ဆောင်ပေးရန် အသင့်တော်ဆုံးဖြစ်တယ်လို့ တင် စား ကြသည့် ပူတာအိုဂရိတ်ဖရုသီးဟာ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ဝယ်လိုအား အလွန်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။


ယခင်က ထိုဂရိဖရုအသီးကို ပူတာအို‌ ဒေသတွင် စီးပွားဖြစ် စိုက်ပျိုးခဲ့ကြဟန်မရှိပါ။ ဒေသအတွင်း အသီးအနှံစားသုံးကုန် တစ်မျိုးအဖြစ်မျှသာ စိုက် ပျိုးထုတ်လုပ်ခဲ့ကြပြီး အချင်းချင်းပေးကမ်း၊ မျှဝေစားသုံးလာခဲ့သည့် အသီးတစ်မျိုးဟု ဆိုနိုင်သည်။


သို့သော် ယ‌နေ့ခေတ်သို့ ရောက်ရှိလာချိန်တွင် စိုက်ပျိုးထုတ်လုပ်နိုင်မှုထက် ဝယ်လိုအားမှာ မမျှလောက်အောင် ဖြစ်လာခဲ့ပြီဟု ဆိုရမည်။ စီးပွားသီးနှံဘက်သို့ပြောင်းလဲလာခဲ့ပြီ။


၎င်းအသီးမျိုးဘယ်က လာခဲ့တာလဲ?


ဂရိတ်ဖရုသီးအမျိုးကို လွန်ခဲ့သည့် နှစ်တစ်ရာခန့်ကတည်းက အနောက်တိုင်းသားများဖြစ်သည့် ခရစ်ယာန်သာသနာပြုများ ယူဆောင်လာပြီး ပူတာအိုဒေသတွင် မျိုးစေ့ချစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။



ဂရိတ်ဖရုအသီးမျိုးသည် မြန်မာနိုင်ငံနေရာအနှံ့တွင်လည်း တွေ့ရှိရသည်ဖြစ်၍ အနယ်နယ်အရပ်ရပ်တွင်လည်း စိုက်ပျိုးထုတ်လုပ်ကြတာကို တွေ့ရှိရသည်။


သို့ရာတွင် ပူတာအိုဒေသထွက် ဂရိတ်ဖရုသီးမှာ အခွံပါးလွှာသည့် အသွင်သဏ္ဍန်ရှိသည့်အပြင် အ ရည်ပြည့်ခြင်း၊အရည်သွေးကောင်းမွန်ခြင်းနှင့် အရ သာရှိသောအရည်အသွေးမျိုး ဖြစ်သည်ဟု ဆို သည်။


ဂရိတ်ဖရုသီးကို စားသုံးခြင်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ညီညွတ်သော ကျန်းမာရေးကို ရရှိနိုင်သည်ဟု ဆိုသည်။ ဂရိတ်ဖရုသီးအား သဘာဝအတိုင်း စားသုံးခြင်း၊ဂရိတ်ဖရုယို၊ဂရိတ်ဖရုဝိုင် စသည်ဖြင့် အသွင်အမျိုးမျိုး ပြုလုပ်ကာ စားသုံးကြသည်။


ပူတာအိုဒေသမှ ထွက်ရှိသည့် ဂရိတ်ဖရုအမျိုးအစားနှစ်မျိုးရှိပြီး အသီး၏ အနှစ်မှာ အနီရောင်ရှိသော ဂရိတ်ဖရုအမျိုးနှင့် အဖြူရောင်အသီးဟူ၍ နှစ်မျိုးဖြစ်သည်။ ၎င်းအမျိုးအစားနှစ်မျိုးထဲမှ အနှစ်အဖြူရောင်ရှိသည့် ဂရိတ်ဖရုအမျိုးမှာ လူကြိုက်အများဆုံးဖြစ်၍ ဈေးကွက်ဝင်တယ်ဟု ဆိုကြသည်။


ဂရိတ်ဖရုအသီးသည် တစ်နှစ်လျှင် တစ်ကြိမ်သာ သီးသော ရာသီပေါ် သစ်သီးတစ်မျိုးဖြစ်ပြီး နှစ်စဉ်စက်တင်ဘာလကုန်မှ ဖေဖော်ဝါရီလအထိ ကောက်ယူရရှိနိုင်သည့်သစ်သီးတစ်မျိုးဖြစ်၍ ဒေသထွက် ဆောင်းတွင်းသီးနှံတစ်မျိုးဟုလည်း ဆိုနိုင်သည်။


ပူတာအိုဒေသထွက် သစ်သီးဝလံများ အများအပြားရှိရာမှ ဂရိတ်ဖရုသီးများအား လူကြိုက်များကြသည်ဟု ဆိုရာ၌ ၎င်းသီးနှံသည် အခြားသောသစ်သီးများထက်ပင်ကို သဘာဝအတိုင်း လရှည်ရက်များ သိုလောင်ထားနိုင်ခြင်းကြောင့်ပင် ဖြစ်မည်။ ဂရိ်တ်ဖရုသီးကို ပုံမှန်အားဖြင့်‌ ခြောက်လနှင့်အထက်ကြာ‌အောင် သဘာဝအတိုင်းသို‌လှောင်ထားနိုင်သည် ဖြစ်သည်။ ထို့ကြောင့် ၎င်းအသီးကို နေရာအနှံ့သို့အလွယ်တကူ သယ်ဆောင်နိုင်ခြင်း ဖြစ်သည်။


ပူတာအိုဒေသတွင် ယခင်ဆယ်နှစ်၏ အရှေ့ပိုင်းတွင် ဈေးကွက်အတွင်း အရောင်းပါးဆုံးနှင့် ဈေးလည်းမရခဲ့ဘူးဟု ဆိုကြသည်။ သို့သော် ယခုအချိန်ကာလတွင် ပူတာအို ဂရိတ်ဖရုသီးဟု ဆိုရာတွင် လူတိုင်းနီးပါး ကြိုက်နှစ်သက်သော ဒေသထွက် သစ်သီးတစ်မျိုးအဖြစ် နာမည်ရလာသည်နှင့်အညီ အသီးဈေးသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေပြီ ဖြစ်သည်။ ယခင်၂၀၂၂ခုနှစ် ကာလတွင် ဒေသအတွင်း ငါးရာကျပ်ဖိုး၃လုံးအထိ ရှိခဲ့သည်ဖြစ်ရာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်လုံးလျှင် ခြောက်ရာကျပ်မှ ရှစ်ရာကျပ်အထိ ပေးဝယ်နေကြရသည်။


ပူတာအိုဒေသမှထွက်သည့် ဂရိတ်ဖရုသီးများအား မြစ်ကြီးနားမြို့သို့ အဓိကပို့ဆောင်ရောင်းဝယ်နေကြသည်ဖြစ်၍ မြစ်ကြီးနားမြို့တွင် ယခုနှစ်အတွင်း ပူတာအိုဂရိတ််ဖရုသီးတစ်လုံးလျှင် ကျပ်တစ်ထောင်မှ တစ်ထောင့်ငါးရာကျပ်အထိ ဈေးပေါက်နေပြီဖြစ်သည်ဟု ဆိုသည်။


ပူတာအိုဂရိတ်ဖရုသီးဟု ဆိုရာတွင် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသောခရီးသွားပြည်သူများသာမက၊ နိုင်ငံရပ်ခြားရှိ မိတ်ဆွေများအထိ ဒေသလက်ဆောင်အဖြစ် ယူဆောင်ပေးပို့ကြရသည့် အသီးတစ်မျိုး ဖြစ်လာသည်။


ပူတာအိုဒေသသို့ အလည်ရောက်ရှိလာကြသည့် ခရီးသွားပြည်သူများအနေဖြင့် အိမ်အပြန်ခရီးတွင် ဒေသလက်ဆောင်အဖြစ် ပူတာအို ကောင်ကထောင် မနက်ဈေးနှင့်လေယာဉ်ကွင်းဈေးများတွင် သွားရောက်ဝယ်ယူကြရသည်မှာ ၎င်းဒေသ၏ဓလေ့၊ပြရုပ်တစ်ခုပြင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။


ဂရိတ်ဖရုသီးအပင်သည် နှစ်ရှည်သီးပင်တစ်မျိုးဖြစ်ပြီး အပင်သက်တမ်းသည်လည်းနှစ်လေးဆယ်မှ ခြောက်ဆယ်အထိ သက်တမ်းရှိသည့် အသီးပင်တစ်မျိုး ဖြစ်သည်။


၎င်းအပင်ကို အစေ့ချစိုက်ပျိုးခြင်းနှင့် အခြားသော အသီးမျိုးအပင်၏ ကိုင်းများတွင်ကိုင်းဆက်ခြင်း နည်းစနစ်များဖြင့် စိုက်ပျိုးကြသည်။


အစေ့ချစိုက်ပျိုးရာတွင် အနည်းဆုံး ရှစ်နှစ်မှ ဆယ်နှစ်အထိ အသီးသီးရန် စောင့်ရသည်ဖြစ်ပြီး ကိုင်းဆက်စိုက်ပျိုးရာတွင် လေးနှစ်မှ ခြောက်နှစ်သက်တမ်းတွင်ပင်အသီးဝေဆာနိုင်သည်ဖြစ်၍ ဒေသခံအများစုမှာ ကိုင်းဆက်ခြင်းနည်းစနစ်ဖြင့် ပိုမိုစိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။


သတင်းဆောင်းပါး - မလိခူး



Komentar


Pajau Media

Thanks for subscribing!

bottom of page