KIAလက်လွှတ်ခဲ့ရသည့် တပ်စခန်းအချို့ ပြန်လည်သိမ်းပိုက်
- Pajau Media

- Oct 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ လက်လွှတ်ခဲ့ရသည့် စစ်တပ်စခန်းတစ်ချို့ကို ပြန်လည် သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
"ဒီဘက်မှာ တိုက်ပွဲပြင်းထန်တာ နေ့တိုင်းလိုလိုဘဲ။ ဒါပေမဲ့ မနေ့ တနေ့ကလောက် တိုက်ပွဲပြင်းထန်တာ မရှိခဲ့ဖူးဘူး။ မနေ့တနေ့က ဖြစ်တဲ့တိုက်ပွဲက ဗန်းမော်တိုက်ပွဲတလျောက် အပြင်းထန်ဆုံးလို့ပြောလို့ရတယ်။ အာ့ကြောင့်မို့လို့ လက်လွှတ်လိုက်ရတဲ့ စစ်စခန်းတွေ ပြန်လည်ရရှိတာဖြစ်တယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်လာပြီး မြေမြင်တွင်လည်း အမှတ် ၁၁ တပ်မတော်ဆေးတပ်ရင်း (မဆရ)နှင့် အမှတ် ၅ ဆက်သွယ်ရေးတပ်တို့ ပူးပေါင်းကာ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် စက်တင်ဘာလ ၂၄ရက်နေ့တွင် ဗန်းမော်မြို့ရှိ ၃ မိုင်စခန်း၊ ရွှေပြည်သာစခန်းနှင့် KBC ဘုရားကျောင်းကုန်းတို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ဆုတ်ခွာပေးခဲ့ရသည်။
ထိုသို့ ဆုတ်ခွာပေးလိုက်ရသော စစ်တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ်ဖွဲ့များက တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
၁၀ လဝန်းကျင်ရှိလာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် လက်ရှိချိန်ထိ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များလည်း နေ့စဥ်နီးပါး လေကြောင်း များဖြင့် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်သည်။
သတင်း- ဖရိန်း




Comments