top of page

စကစတပ်သည် အာဏာ ထိန်းသိမ်းဖို့အတွက် ရွေးကောက်ပွဲ ကာလဖြစ်သော်လည်း ပြည်သူလူထု၏ ယုံကြည်မှုကို ရယူမည့်အစား လေကြောင်းတိုက်ခိုက်မှုများ တစ်နေ့တခြားပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • 10 minutes ago
  • 2 min read

ပါဂျောင်မီဒီယာ(ဆောင်းပါး)

၂၅ရက်၊ ဇန္နဝါရီလ ၂၀၂၆။


စစ်ကော်မရှင်တပ်သည် မတရားသိမ်းထားသည့် စစ်အာဏာအုပ်ချုပ်‌မှုစနစ်ကို ဆက်လက် ထိန်းသိမ်းဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာရွေးကောက်ပွဲ ကို အပိုင်းခွဲ ကျင်းပသည့် ကာလဖြစ်သော်လည်း ပြည်သူလူထု၏ ယုံကြည်မှု ကို ရယူမည့်အစား နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ တစ်နေ့တခြားပိုမိုလုပ်ဆောင်လာနေတာပါ။


လေကြောင်းတိုက်ခိုက်မှုများ သည် စစ်ရေး ပစ်မှတ်ထက် ‌‌ဒေသခံပြည်သူလူထုအား “စိတ်ဓာတ်ရေးရာ ဖြိုခွင်းရန်နှင့် ကြောက်ရွံ့မှုဖြစ်စေရန်ဗုံး ကြဲခြင်း”ဗျုဟာကို စနစ်တကျ ကျင့်သုံးနေတယ်လို့ မြန်မာ့ စစ်ဘက်ရေးရာ နဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI အဖွဲ့က ပြောဆို လိုက်ပါတယ် ။


မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ပစ်ခတ်တိုက်ပွဲများ တွင် စစ်ကောင်စီတပ်က မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှု ထက် လေကြောင်း အားကိုး တိုက်ခိုက်မှုက စစ်ရေးဗျူဟာ တစ်ခုလို လုပ်ဆောင်နေသည့်အတွက် တစ်နှစ်ထက် တစ်နှစ် လေကြောင်းတိုက်ခိုက်မှု နှုန်းမြင့်မားလာတာ တွေ့ရပါတယ်။


မြန်မာ့ စစ်ဘက်ရေးရာ နဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI အဖွဲ့ ၂၀၂၅ ခုနှစ် အတွင်း စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံအဝှမ်း တိုင်း‌ဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် လေကြောင်းတိုက်ခိုက်မှု များ အရှိန်မြင့်လုပ်ဆောင်ရာမှာ တစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁,၁၈၀ ကြိမ်ကျူးလွန်ခဲ့ကြောင်း စစ်တမ်းများ အရ သိရပါတယ်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု သည် စစ်ရေးပစ်မှတ်ထက် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့်အတွက် အပြစ်မဲ့ အရပ်သား ပြည်သူ ၁,၇၈၃ ဦး သေဆုံးခဲ့ ပြီး ၂,၉၀၀ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ သည်။


စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ပျမ်းမျှအားဖြင့် တစ်လလျှင် လေကြောင်းတိုက်ခိုက်မှု ၉၈ ကြိမ်ခန့်ရှိပြီး၊ လူပေါင်း ၃၉၀ ဦး ခန့် သေဆုံးခဲ့ရ၍ ဒဏ်ရာရမှု များ တွေ့ကြုံ နေရတာဖြစ်ကြောင်း MDSI ၏ဖော်ပြချက်အရသိရသည်။


ဖော်ပြထားသည့် အချက်အလက်များသည် ပွင့်လင်းတဲ့သတင်းအရင်းအမြစ်၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများ နှင့် လူသားချင်း စာနာမှု ဆိုင်ရာ စောင့်ကြည့်ရေးကွန်ရက်မှ စောင့်ကြည့်မှတ်တမ်းများ၊ လေယာဥ်ပျံသန်းမှု မှတ်တမ်းများ၊ ဒေသအတွင်း သတင်းမီဒီယာများမှ ဖော်ပြမှုကို စစ်ဆေးအတည်ပြုခြင်းဖြင့် ဖော်ပြထားတာဖြစ်ကြောင်းလည်း သိရသည်။


အချို့ဒေသများ တွင် နယ်မြေ မတည်ငြိမ်မှု ကြောင့် နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် မှာ ဆက်သွယ်ရေး ဖြတ်တောက်မှု အခြေအနေတွေ ကြောင့် မြေပြင်ရှိ အမှန်တကယ် တိုက်ခိုက်ခံရမှု ဖြစ်စဥ်နှင့် ထိခိုက်သေဆုံးမှုစာရင်းမှာ ဖော်ပြထားသည့်မှတ်တမ်းထက် ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုထားပါတယ်။


စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု သည် ဒေသအလိုက် ပစ်မှတ်ထား စနစ်တကျ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းနှင့်ပစ်မှတ်ထားသည့်ဒေသများသည်နိုင်ငံ၏ ဗဟိုချက်အလယ်ပိုင်းဒေသများ ဖြစ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းအရ အချက်အခြာကျခြင်း၊ တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသများ ကို ပစ်မှတ်လုပ်ဆောင်နေတာတွေ့ရပါတယ်။


ဒေသအလိုက် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများ ဆုံးဖြစ်ပွားသည့် ဒေသများ မှာ စစ်ကိုင်းတိုင်း အတွင်း၂၆၃ ကြိမ်၊ မန္တလေးတိုင်းမှာ ၂၆၂ ကြိမ်၊ မကွေးတိုင်းမှာ ၁၈၂ ကြိမ် နှင့် ရှမ်းပြည်မြောက်ပိုင်းမှာ ၁၂၁ ကြိမ် ဖြစ်ကြောင်းသိရသည်။ အလားတူ သေဆုံးမှု နှင့် ဒဏ်ရာရရှိမှု အခြေအနေ မှာလည်း စစ်ကိုင်းတိုင်းနှင့် မန္တလေးဒေသများ သည် အမြင့်မားဆုံး ရင်ဆိုင်နေရတာဖြစ်ကြောင်းလည်းသိရသည်။


စစ်ကိုင်းတိုင်းမှာ အသက်သေဆုံးသူ (၅၀၄), ဒဏ်ရာရရှိသူ ၇၇၄ ၊ မန္တလေး တိုင်းမှာ သေဆုံးသူ ၃၇၁ ဦး, ဒဏ်ရာရရှိသူ ၆၀၁ ဦး၊ တတိယ အများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၂၃၆ ဦး၊ ဒဏ်ရာရရှိသူ ၃၇၂ ဦး ရှိကြောင်းသိရသည်။


တစ်ချို့ဒေသများတွင် တိုက်ခိုက်မှု အကြိမ်အရေ မများ သော်လည်း တစ်ကြိမ်ချင်းစီ၏ ‌ထိခိုက်သေဆုံးမှုနှုန်းအလွန်မြင့်မားနေတယ်လို့လည်းဆိုပါတယ်။ ပြည်နယ်အလိုက် ကြည့်ရရင် ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု (၇၈) ကြိမ်သာ ရှိခဲ့သော်လည်း သေဆုံးသူ ၂၃၆ ဦးနှင့် ဒဏ်ရာရသူ ၃၇၂ ဦး၊ ကချင်ပြည်နယ်မှာလည်း ၄၁ ကြိမ်သာ ရှိခဲ့သော်ည်း သေဆုံးသူ ၁၁၅ ဦးအထိရှိခဲ့ရာ တိုက်ခိုက်မှုတွေ ဖျက်အားပြင်းဗုံး အသုံးပြုမှု၊ အရပ်သားပြည်သူနေရာများ ကို ပစ်မှတ်ထားမှု များနှင့် ဆက်စပ်နေတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။


စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်ရာတွင် ခေတ်မီ တိုက်လေယာဥ်များ (su-30, MiG -29, Yak-130, Jf-17 , FTC -2000, K-8)ကို တိကျသောပစ်မှတ်များအား တိုက်ခိုက်ရန်အသုံးပြုခြင်းနှင့် တိုက်ခိုက်ရေးရဟတ်ယာဥ် ( Mi-35, mi-2, Y-12) ကဲ့သို့သော သယ်ယူပို့ဆောင်ရေးယာဥ်များ ကို ပါ ဗုံးကြဲရန်အသုံးပြု နေတာဖြစ်ကြောင်းလည်းသိရပါတယ်။


စစ်ကောင်စီတပ်က တနိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးအတွက် အဓိကလေတပ်အခြေစိုက်စခန်းများ သည် တံတားဦး၊ မကွေး၊ မိတ္ထီလာ နှင့် နေပြည်တော် လေတပ်စခန်းများဖြစ်ကြောင်းသိရသည်။ တိုက်ခိုက်မှု၏ ၇၀% ကျော်က လူနေထိုင်ရာ ကျေးရွာများ ဖြစ်ပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် စစ်ဘေးရှောင်စခန်းများ ကို ပစ်မှတ်ထားတိုက်ခိုက်နေတာကို တွေ့ ရပါသည်။


အရပ်သား (၃၀) ဦးအထက် အစုအပြုံလိုက်သေဆုံးမှုဖြစ်စဥ်များ လည်း ၈ ကြိမ်နှင့ အထက် ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်မှာ ၁ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂ ကြိမ်၊ မန္တလေးတိုင်းမှာ ၁ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၃ ကြိမ်နှင့် ရှမ်းမြောက်ပိုင်းမှာ ၁ ကြိမ်တွေ့ကြုံခဲ့ရကြောင်းလည်းသိရသည်။


၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်သည် လေကြောင်းအင်အားကို စစ်ရေးဗျုဟာ လက်နက်အဖြစ် အသုံးပြုကာ အရပ်သားများ အ‌‌ပေါ်ပစ်မှတ်ထားတိုက်ခိုက် နေတာဖြစ်ပြီး အချက်အလက်များ အရ နိုင်ငံအလယ်ပိုင်းမြေပြန့်ဒေသများတွင် အပြင်ထန်ဆုံး တွေ့ကြုံရင်ဆိုင်နေရတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု အတွင်း အရပ်သားထိခိုက်သေဆုံးမှု မြင့်မားနေခြင်း နှင့် လေကြောင်းတိုက်ခိုက်မှုသည် ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာ အစီအစဥ်နှင့် ကာကွယ်ပေးရေး အစီအမံများကို တိုးမြင့် လုပ်ဆောင်ရမယ် လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံ‌ရေးဆိုင်ရာ လေ့လာရေးအဖွဲ့က အကြံပေးပြောဆိုထားပါတယ်။


Comments


Pajau Media

Thanks for subscribing!

bottom of page