ကြွက်ဘေးဆိုက်၍ တောင်ယာသီးနှံများ ဖျက်ဆီးခံရသောကြောင့် တောင်သူများ ဝမ်းရေးအတွက် စိုးရိမ်နေ
- Pajau Media

- Sep 26, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်တွင် ကြွက်ဘေးဆိုက်၍ တောင်ယာသီးနှံများ ဖျက်ဆီးခံရပြီး တောင်သူများ ဝမ်းရေးအခက်ကြုံလာနိုင်သည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် တောင်ယာခင်းများ(၈၅)ရာခိုင်နှုန်းခန့် ဖျက်ဆီးခံရနေပြီး၊ လယ်စပါးများလည်း ထပ်မံဖျက်ဆီးလာနိုင်ခြေရှိနေကြောင်း မချမ်းဘော့မြို့နယ် တောင်သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။
"တောင်ယာခင်းတွေက အားလုံးနီးပါးပျက်စီးသွားပြီ။ တောင်ယာခင်း ၁၀ ခင်းမှာ ၈ ခင်းလောက်က ပစ်လိုက်ရတဲ့အခြေအနေပဲ၊ ကြွက်စားတာနဲ့ ငှက်စားတာ ဒီနှစ်ထဲ တော်တော်ဆိုးဆိုးဝါးဝါးပဲ၊ တောင်ယာခင်းတွေကတော့ ကုန်သလောက်ရှိပြီပေါ့၊ နောက်ထပ်လယ်စပါးတွေလည်း ကြွက်ဘေးဆိုက်မယ့် အခြေအနေရှိတယ်။ အခုတောင်စပါးထွက်စပဲရှိသေးတယ် နေရာအချို့ဆို ကြွက်တအားစားတဲ့ နေရာတွေ တွေ့လာရပြီ။ ဘယ်လိုမှကာကွယ်လို့မနိုင်ဘူး" ဟု ပြောသည်။
ပူတာအိုခရိုင် ဆွမ်ဘရာဘွမ်မြိုနယ်တွင် တောင်ယာသီးနှံများ ယခုနှစ်တွင်း အလွန်အကျွံ ဖျက်ဆီးခံခဲ့ရပြီး ၎င်းကြွက်ဘေးမှာ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်ဘက်သို့ ဆက်လက်ကူးစက်လာနေခြင်းဖြစ်ကြောင်း သိရသည်။
လယ်စပါးများကို ယခုကဲ့သို့ ကြွက်ဘေးဆက်လက် ဖြစ်ပွားလာပါက ဒေသအတွင်း ဆန်၊စပါးရှားပါးလာနိုင်သည်ကို ဒေသခံတောင်သူများ အလွန်စိုးရိမ်နေကြရသည်ဟု ဆိုသည်။
သတင်း- မလိခူး
Photo credit to Owner










Comments