ကြာရာပတီးရပ်ကွက်တွင်း စစ်ဆေးခြင်း ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ သတိထားသွားလာနေရ
- Pajau Media

- Dec 16, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။

စစ်ကောင်စီက မြစ်ကြီးနားမြို့တွင်း လမ်းဆုံ၊လမ်းခွ နေရာများတွင် ရံဖန်ရံခါ တားဆီးစစ်ဆေး မေးမြန်းခြင်းများ ပုံမှန်လုပ်ဆောင်နေရာ ကြာရာပတီးကျေးရွာဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကားများဖြင့် လမ်းများပေါ်တွင် ရပ်နားကာ တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့် စိုးရိမ်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့က အဲ့တစ်နေရာမှာပဲ အချိန်ပြည့် နေနေတာမျိုးတော့ မဟုတ်ဘူး။ စိတ်ပေါက်ရင်ပေါက်သလို စစ်ကားနဲ့ လမ်းပေါ်ရပ်နားပြီး တားဆီးစစ်ဆေးတယ်။ အဲ့အချိန် ဖြတ်သွားဖြတ်လာလုပ်မိတဲ့သူဆို သူတို့အသေးစိတ် စစ်ဆေးတယ်။ လမ်းသွားလမ်းလာတွေဆို မှတ်ပုံတင်ပါရမယ်။ အမှုတော်ဆောင်တွေလဲ အမှုတော်ဆောင်တဲ့ကဒ်ပါရတယ်။ မပါရင် မရဘူးလို့ ပြောတယ်။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပြသည်။
ဒေသခံများမှာ မြို့တွင်းသွားလာရေးအတွက်ပင် သတိထားသွားလာနေရသည့်အပြင် ယခုကဲ့သို့ ရုတ်တရက်စစ်ဆေးမေးမြန်းမှုများကြာင့် သွားလာရေးအတွက် အနှောက်အယှက် ဖြစ်ရကြောင်းလည်း ပြောသည်။
ယင်းတို့မှာ မသင်္ကာသူများကိုသာ တားဆီးစစ်ဆေးခြင်းမဟုတ်ဘဲ သွားလာဖြတ်သွားသူတိုင်းအား တားဆီးခြင်းဖြစ်သည်ဟုလည်း နောက်ထပ်တစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့တွင်း စစ်ကောင်စီမှ တားဆီးစစ်ဆေးမေးမြန်းမှု အများဆုံးနေရာမှာ ကြာရာပတီး၊ ထီဝန်းအပြင် ဗလမင်းထင်တံတား၊ ပလနစစ်ဆေးရေးဂိတ်၊ ပလနအထက်တန်းကျာင်းလမ်းခွဲ၊ နောင်နန်း-ယိန်းခေါ်လမ်းခွဲ စသည့်နေရာများတွင် ပုံမှန်ဆိုသလို စစ်ဆေးလေ့ရှိသောကြောင့် ပြည်သူများမှာ သတိထားသွားလာနေရကြောင်း ရပ်မိရပ်ဖတစ်ဦး ပြောသည်။
သတင်း - ပီလမ့်အူ




Comments