ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် ဒေသတွင်း စစ်ရေးပိုမို ပြင်းထန်လာ
- Pajau Media

- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊နိုဝင်ဘာ၊၂၀၂၅။

စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပရန် သတ်မှတ်ထားသည့် ကချင်ပြည်နယ်တွင်းမှ ဒေသများတွင် စစ်အင်အားတိုးချဲ့ကာ ဆက်တိုက်ထိုးစစ်ဆင်နေသည့်အပြင် လေယာဉ်ဗုံး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။
ဗန်းမော်ဒေသတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေရာ လက်ရှိချိန်ထိ ဖြစ်သည်။ စစ်တပ်က လေယာဉ်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောကြောင့် KIAပူးပေါင်းတပ်ဖွဲ့များမှ တပ်စခန်းအချို့ လက်လွှတ်ဆုံးရှုံးမှု ရှိခဲ့သည်။
KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အရေးကြီးတပ်စခန်းများကိုလည်း စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ရန် မြေပြင်အပြင် လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီး၊ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ရေကြောင်းမှ စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်ပြီးနောက် အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၅၀၁၄) တင့်ကားတပ်၊ အမှတ်(၂၃၆) ခြေလျင်တပ်များကို KIAက လက်လွှတ်ခဲ့ရသော်လည်း စက်တင်ဘာလတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် လက်ရှိ ဖားကန့်ဒေသနှင့် ဝိုင်းမော်ဒေသတွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး၊ လေယာဉ်ဗုံးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု နေ့စဉ်ဖြစ်ပွားနေသည်။
နိုဝင်ဘာ ၂၅ရက်ညတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာသို့ လေယာဉ်ဗုံး ပစ်ခတ်ခြင်း ရှိခဲ့သည်။
ပူတာအို-ခေါင်လန်ဖူးဒေသကိုလည်း ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသလို နိုဝင်ဘာ၂၅ရက်နေ့က ခေါင်လန်ဖူး-လန်ဆယ်ဒေသဘက်ကို စစ်အင်အား (၆၀)နီးပါးဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် KIAပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိခဲ့သည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲချိန်ကာလ နီးလာပြီဖြစ်၍ ရွေးကောက်ပွဲကျင်းးပနိုင်ရန် လက်လွှတ်ခြင်းမရှိ လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ ခေါင်လန်ဖူး စသည့် ဒေသများသို့ စစ်ရေးများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေဆဲ ဖြစ်သည်။
သတင်း - ထုဆိုင်း



Comments