top of page

ကချင်ပြည်နယ်တွင် အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ရှောင်ပြည်သူ ရှစ်သောင်းကျော်အထိတိုးမြင့်လာ

  • Writer: Pajau Media
    Pajau Media
  • Sep 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊စက်တင်ဘာလ၊၂၀၂၄။



ree

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော စစ်ရှောင်ပြည်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး၊ မြန်မာနိုင်ငံ အာဏာသိမ်းခံရပြီး‌နောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း စစ်ရှောင်ပြည်သူ ရှစ်သောင်းကျော်အထိ တိုးမြင့်လာကြောင်း UNHCR ၏ ထုတ်ပြန်ချက်မှ သိရသည်။


ကချင်ပြည်နယ်တွင် တစ်ကြော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၁ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်းစစ်ရှောင်ပြည်သူ ၁၁၀,၅၀၀ အထိ ရှိခဲ့ပြီး၊ တစ်နိုင်ငံလုံး အာဏာသိမ်းခံရပြီးနောက် ၂၀၂၄ခုနှစ် ဩဂုတ်လအထိ စစ်ရှောင်ပြည်သူ ၁၉၄,၉၀၀အထိ ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။


ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီအာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ရှောင်ပြည်သူ (၈၄,၄၀၀) ထပ်မံတိုးလာခြင်းဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ် အစောပိုင်းအချိန်တွင် တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်များတွင်သာ ပြည်တွင်းစစ်အဖြစ် တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် နှောင်းပိုင်းအချိန်ကာလမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်သည့် နယ်မြေများတွင်လည်း တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကြောင်း တွေ့ရှိရသည်။


၂၀၂၃ခုနှစ် ဧပြီလအတွင်းမှစပြီး ရွှေကူအရှေ့ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၁၂ရွာမှ ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၄ခုနှစ် မတ်လ ၇ရက်နေ့ကတည်းက ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်(KIA/ KPDF) ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲခဲ့ရာ ဒေသခံများ ထွက်ပြေးစွန့်ခွာထားခဲ့ရသည့် ကျေးရွာများစွာ ရှိလာသည်ဟု ဆိုသည်။


ပြည်သူများမှာ လွတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို တောတောင်နေရာများတွင် ဖြစ်သလိုထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများလည်း ရှိကြသည်။ လက်ရှိမှာတော့ ကချင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ထားသောကြောင့် ဒေသခံများအပါအဝင် စစ်ရှောင်များပါ ခက်ခက်ခဲခဲ ရုန်းကန်နေကြရကြောင်း သိရသည်။


စစ်ရှောင်ပြည်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာသည့်အပြင် လူမှုကူညီရေးအဖွဲ့အစည်းများမှာလည်း ယခင်ထက် အားလျော့လာပြီး၊ အစားအသောက်နှင့် ဆေးဝါးများ စစ်ရှောင်စခန်းတိုင်းတွင် လိုအပ်နေသည်။


မြန်မာနိုင်ငံအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသများ ပိုမိုကျယ်ပြန့်လာသလို တစ်ဖက်မှာလည်း စစ်တပ်မှ ပြည်တွင်းစစ်တွင် လေကြောင်းအသုံးပြုခြင်း၊ နက်လက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူအများအပြား ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း နေ့စဉ်ကြုံနေရခြင်း ဖြစ်သည်။


တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ သုံးသန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း UNHCR ၏ ဖော်ပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page