top of page

ကချင်ပြည်နယ်မှ နယ်မြေ(၁၀၆)ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း UEC ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Dec 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ရွေးကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တို့တွင် ကချင်ပြည်နယ်မှ ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း (၁၀၆)ခုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။


ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေကောက်ပွဲကျင်းပမည် မဟုတ်ဟု ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


ရွေးကောက်ပွဲမကျင်းပရန် ကြေညာထားသည့် နယ်မြေများမှာ ရွေးကောက်ပွဲအပိုင်း(၁)တွင် တနိုင်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းမှ ကျေးရွာနှင့် ရပ်ကွက်ပေါင်း (၄၅)ခု၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် မချမ်းဘော့မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းမှ ကျေးရွာနှင့် ရပ်ကွက်ပေါင်း (၆၁)ခုတို့ ဖြစ်ကြသည်။


ထို့အပြင် ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စသည့်မြို့နယ်(၄)ခုတွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း UECမှ ပြီးခဲ့သည့် စက်တင်ဘာ၁၄ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


အဆိုပါ မြို့နယ်များမှာ KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည့်အပြင် လက်ရှိ ထုတ်ပြန်ထားသည့် နယ်မြေများလည်း အချို့ဒေသမှာ တိုက်ပွဲပြင်းထန်နေဆဲ ဒေသများဖြစ်ကြပြီး၊ အချို့ဒေသများမှာ KIAသိမ်းပိုက်ထားသည့် ဒေသများလည်း ပါဝင်ကြောင်း တွေ့ရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page