ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ တိုးပွားလာခြင်း
- Pajau Media

- Jun 11, 2024
- 1 min read
Updated: Jun 12, 2024
ပါဂျောင်မီဒီယာ
၁၁ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးရှောင် အရေအတွက်သည် စစ်အာဏာသိမ်း ကာလအတွင်း စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း ၆သောင်းနီးပါး (၅၇၁၉၀) ရှိလာခဲ့ကြောင်း BNI-Myanmar Peace Monitor ၏ တင်ပြချက်အရ သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတို့၏ တစ်ကြော့ပြန်တိုက်ပွဲ (၁၃)နှစ်တာကာလအတွင်း ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းအထိ ရှိနေခဲ့ပြီး၊ အာဏာသိမ်း ၃နှစ်တာကာလအတွင်းကချင်စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းနီးပါးတိုးလာခဲ့သည်။
မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ ၂၀၂၁ခုနှစ်တွင် စစ်ဘေးရှောင် နှစ်သိန်းခွဲကျော်၊ ၂၀၂၂ခုနှစ်တွင် စစ်ဘေးရှောင် ကိုးသိန်းနီးပါး၊ ၂၀၂၃ခုနှစ်တွင် စစ်ဘေးရှောင် ၁၃သိန်းကျော်နှင့် ၂၀၂၄ခုနှစ် ၅လတာကာလအတွင်း ငါးသိန်းကျော်အထိ ရှိခဲ့သည်။
ပြေးရှောင်စရာ နယ်မြေကျဉ်းမြောင်းလာသည့် အရပ်သားပြည်သူများသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ၂၀၂၄ခုနှစ် မေလ ၂၅ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း စစ်ဘေးရှောင်ပြည်သူပေါင်း သုံးသန်းကျော်အထိ ရှိလာခဲ့ပြီး ၂၀၂၃ခုနှစ်သည် စစ်ဘေးရှောင်အရေအတွက် အများဆုံးနှစ်အဖြစ် ဖော်ပြထားသည်။
ယခုကဲ့သို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဖြစ်စဉ်အများစုမှာ စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းများဝင်ရောက်ခြင်း၊ လက်နက်ကြီး သေနတ်သံများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှတစ်ဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများ၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ ဖြစ်သည်။









Comments