top of page

ခေါင်လန်ဖူးဘက် စစ်ရေးလှုပ်ရှားမှု ပြင်းထန်နေပြီး၊ ကျေးရွာအများစု တိမ်းရှောင်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။


ree

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လာပြီးနောက် စစ်တပ်က ယခုရက်ပိုင်းအတွင်း ထိုဒေသသို့ နေ့စဉ်ရဟပ်ယာဉ်များဖြင့် ရိက္ခာနှင့် စစ်အင်းအားဖြည့်တင်း၊ ထောက်ပို့ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။


"အခုတလော ခေါင်လန်ဖူးဘက် ဗျူဟာကိုယ်တိုင် ထိုင်ပြီးတော့ကို စစ်အင်အားတွေ ဖြည့်ပြီးတော့ ကိုင်တွယ်နေတာလို့ ပြောတယ်။ သူတို့စခန်းတွေ (၄)ခုလောက် ကျသွားတာနဲ့ လေယဉ်တွေ ဆက်တိုက်သွားတာ တစ်ပတ်ကျော်ရှိလာပြီ။” ဟု ခေါင်လန်ဖူးဒေသခံတစ်ဦးက ပြောသည်။


အောက်တိုဘာ နောက်ဆုံးအပတ်မှစ၍ စစ်တပ်က ခေါင်လန်ဖူးမြို့နယ်ဘက် နေ့စဉ်ရဟပ်ယာဉ်ဖြင့် နှစ်ကြိမ်ခန့် ဆက်တိုက်ဆိုက်ရောက်ပြီး၊ စစ်ပစ္စည်းများနှင့် လူအင်အားများ ထောက်ပို့ပေးပေကာ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုလည်း ရှိခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် လက်ရှိဒေသခံပြည်သူအများစု၊ ကျေးရွာအများစုမှာ လုံခြုံသည့် တောတောင်ထဲ တိမ်းရှောင်ထွက်ပြေးသွားကြပြီး၊ စစ်ရေးကို ဆက်လက်စောင့်ကြည့် နေထိုင်ရမည်ဖြစ်သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။


“ခေါင်လန်းဖူးဘက်ကနေ လန်ဆယ်ဘက်ကို ထိုးစစ်လုပ်ဖို့ကြိုးစားနေကြတာ။ ပူတာအိုဗျူဟာက တိုက်လေယဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာ အခုဆို အဲ့ဒီဘက်က ဒေသခံတွေ၊ ရွာတွေတော်တော်များများ တောထဲကို ထွက်ပြေးနေကြပြီ။ ဘာတွေဆက်ဖြစ်မလဲမသိဘူး" ဟု ပြောသည်။


ဖုန်းအဆက်အသွယ်နှင့် အင်တာနက်အခက်အခဲများကြောင့် ထွက်ပြေးသွားသည့် ကျေးရွာများနှင့် လူဦးရေများ၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် စစ်ရေးအခြေအနေမှာ တိတိကျကျ သိရှိနိုင်ရန် ခက်ခဲကာ ပါဂျောင်မှလည်း စုံစမ်းနေဆဲ ဖြစ်သည်။


ဒေသခံများက ပူတာအို-မြစ်ကြီးနားကားလမ်း ပိတ်ပင်လိုက်သည်နှင့် တပြိုင်နက် ခေါင်လန်ဖူးဒေသဘက် စစ်ရှိန်ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရသည်ဟု ပြောဆိုနေကြသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page