top of page

ချီဖွေမြို့နယ်၊ ဖရဲကျေးရွာအုပ်စုမှ စစ်ဘေးရှောင်များ၏ နေအိမ်များပျက်ဆီးဆွေးမြှေ့နေပြီဖြစ်သဖြင့် ပြန်လည်အခြေချရန်အခက်တွေ့နေ

  • Writer: Pajau Media
    Pajau Media
  • Jan 31
  • 1 min read

ပါဂျောင်မီဒီယာ။

၃၁ရက်၊ဇန္နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲဒေသမှ စစ်ဘေးရှောင်များမှာ နေရပ်ရင်းသို့ပြန်လည်အခြေချရန် ပြင်ဆင်နေကြသော်လည်း စစ်ရှောင်ကာလ ကြာမြင့်သောကြောင့် နေအိမ်များ မလုံခြုံတော့ဘဲ ပြုပြင်မွမ်းမံရန် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။


“ရာသီဥတုက အရမ်းအေးတဲ့ နေရာဒေသဖြစ်တဲ့အတွက် စစ်ရှောင်နေအိမ်တွေက ဆွေးမြှေ့နေတဲ့အိမ်က ပိုများပြီး မလုံခြုံတော့ဘူး။ လေ၊မိုးမလုံတော့ဘူး။ သက်ကြီးရွယ်အို အဘိုးအဘွားတွေရဲ့ ကျန်းမာရေးထိခိုက်လာတယ်" ဟု ဖရဲစစ်ရှောင်တစ်ဦးက ပြောသည်။


စစ်ရှောင်ကာလ ကြာမြင့်လာခြင်းကြောင့် နေရပ်ရင်းသို့ ပြန်လည်အခြေချရန် စီမံဆောင်ရွက်နေသော်လည်း ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေပြီး၊ ပြန်လည်ထူထောင်ရေးလုပ်နေစဉ် စားသုံးရန်ပင် စားနပ်ရိက္ခာ မလောက်ငှသောကြောင့် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

ဖရဲဒေသသည် နှင်းထူထပ်ကာ အေးသည့်ဒေသဖြစ်သည့်အပြင် လမ်းသွားလမ်းလာအတွက် လမ်းခရီးခက်ခဲကြမ်းတမ်းသည့် ဒေသဖြစ်ပြီး ဒေသခံများမှာ တောင်ယာအာလူး၊ ချဉ်ဇော်ခါးသီး၊ ပြောင်းနှင့် သစ်ကြားသီးများအား ဝမ်းစာအတွက် အဓိကစိုက်ပျိုးလုပ်ကိုင် စားသောက်ကြသည်။


ဖရဲစစ်ရှောင်စခန်းသည် KIA အမှတ်(၇) တပ်မဟာနယ်မြေ၊ တရုတ်နယ်စပ် နှင်းထူထပ်သည့်နေရာတွင် တည်ရှိပြီး အိမ်ခြေ(၃၀၀)ကျော် နေထိုင်သည့်ဒေသလည်း ဖြစ်သည်။


အဆိုပါစစ်ရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စစ်ကောင်စီတပ်နှင့် KIAတပ်ဖွဲ့များအကြား တစ်ဖန်ဖြစ်ပေါ်လာသော တိုက်ပွဲကြောင့် ကျေးရွာ(၄)ရွာမှ လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် စစ်ရှောင်များဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page