စက်သုံးဆီခက်ခဲလာမှုကြောင့် စက်သုံးဆီဈေးနှုန်း တစ်ဖန်မြင့်တက်လာ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊မတ်လ၊၂၀၂၆ခုနှစ်။

အရှေ့အလယ်ပိုင်းမှ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့စစ်ပွဲ အချိန်ကြာလာသည်နှင့်အမျှ စက်သုံးဆီခက်ခဲမှု မြင့်တက်လာနေသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ တစ်ဖန်ပြန်မြင့်တက်လာကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ယခင်အပတ်ထိ စက်သုံးဆီ၁လီတာလျှင် ၉၅၀၀ကျပ်မှ ယခုရက်ပိုင်းအတွင်း ၁၁၅၀၀ကျပ်ထိ တစ်ဟုန်ထိုး မြင့်တက်လာခြင်း ဖြစ်ပြီး လက်ရှိ နိုင်ငံတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်လာနေဆဲ ဖြစ်သည်။
မြစ်ကြီးနားမြို့တွင် လတလော စက်သုံးဆီပြတ်လတ်ခြင်း မရှိသေးသော်လည်း ဈေးနှုန်းမှာ ယခင်ဈေးနှုန်းထက် ၂၀၀၀ကျပ်ထိ ထပ်မံမြင့်တက်သွားခဲ့သည်ဟု ဆိုသည်။
စစ်ကော်မရှင်မှလည်း စက်သုံးဆီပြသနာကို ကြိုတင်ကာကွယ်သည့်အနေဖြင့် စုံ၊မ ယာဉ်သုံးစွဲသည့် စနစ်ဖြင့် ဆီဝယ်ယူသည့်စနစ်တို့ကို ကျင့်သုံးရန် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည့်အပြင် စက်သုံးဆီချွေတာနိုင်ရန် အစိုးရရုံး/ဌာနများမှ ဝန်ထမ်းများမှာ ဗုဒ္ဓဟူးနေ့တိုင်း မိမိနေအိမ်မှ အလုပ်လုပ်ရမည်ဟု ယမန်နေ့က ထပ်မံ ထုတ်ပြန်လိုက်ပြန်သည်။
ထို့အပြင် လေယာဉ်ဆီရရှိနိုင်မှု အခက်အခဲရှိလာသောကြောင့် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဥ်တစ်ချို့ကို ဖျက်သိမ်းခြင်း၊ ငွေပြန်အမ်းခြင်းများ လုပ်ဆောင်လာကြောင်းနှင့် အဝေးပြေးယာဉ်လိုင်းတချို့မှလည်း စက်သုံးဆီရှားပါးလာခြင်းကြောင့် ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့လျှင် ငွေပြန်အမ်းမည်ဟု ကားလက်မှတ်ဝယ်ယူသူများကို ကြိုတင်အသိပေးထားကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်မှလည်း ဖျက်သိမ်းခံရခြင်း ထပ်မဖြစ်အောင် မိမိတို့ သယ်ယူမည့် ခရီးဆောင်ပစ္စည်းများကို ခရီးသည်တစ်ဦးလျှင် အပိုဝန်စည် အများဆုံး ၁၀ ကီလိုဂရမ်အထိသာ ခွင့်ပြုပေးထားသည်။
သတင်း - ဇော်




Comments