စစ်ကောင်စီက လေကြောင်းဖြင့် အဓိကအသုံးပြု တိုက်ခိုက်လာ
- Pajau Media

- Sep 26, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
စစ်ကောင်စီတပ်ဖွဲ့များမှာ ယခုရက်ပိုင်း လေကြောင်းလိုင်းဖြင့် အသုံးပြုကာ လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုကိုသာ အဓိကထား တိုက်ခိုက်နေသည့်အပြင် KIA တပ်စခန်းရှိရာ နေရာများတွင်လည်း လေယာဉ်ဗုံး ပစ်ချတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည်။
KIAအမှတ်(၂)တပ်မဟာ၊ အမှတ်(၄၅)တပ်ရင်းဒေသတွင် ယမန်နေ့ စက်တင်ဘာ၂၅ရက် နံနက် ၉နာရီ ၅၀မိနစ်အချိန်ဝန်းကျင်ခန့်က မြစ်ကြီးနားဘက်မှ တက်လာသည့် Y-12လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ချသွားခဲ့ကြောင်း သိရသည်။
Y-12လေယာဉ်ဖြင့် ပစ်ချခဲ့ချိန် (၁၂၀) မမ လက်နက်ကြီးဟု ယူဆရသည့် ဗုံးအမျိုးအစားဖြင့် (၂၆)ကြိမ်ထိ လာရောက်ပစ်ချသွားခဲ့ကြောင်း သိရပြီး၊ စစ်တပ်က ကချင်ပြည်နယ် တိုက်ပွဲအတွင်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများအထိ စစ်တပ်က လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်အတွက် အထူးသတိထား နေထိုင်ရမည်ဖြစ်သည်။
လက်ရှိ ကချင်ပြည်နယ် ဖားကန့်ဒေသတွင်လည်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဗုံးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်နေသောကြောင့် ပြည်သူထိခိုက်သေဆုံးမှုများ များစွာရှိနေပြီဖြစ်ပြီး၊ ဝိုင်းမော်-လမြန်ဒေသဘက်ကိုလည်း မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် မြစ်ကြီးနားဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကူနေဆဲ ဖြစ်သည်။
သတင်း - ပီလမ့်အူ










Comments