စစ်ကောင်စီက (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
- Pajau Media

- Jan 8
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ဇန္နဝါရီ၊၂၀၂၆။

စစ်ကောင်စီက (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ မနောကွင်းနေရာတွင် ယခင်နှစ်များနှင့်မတူ အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ကနေစပြီး မနောကွင်းရှေ့က ဈေးဆိုင်တွေ အားလုံးကို မရောင်းရတော့ဘူးလို့ ပြောတယ်။ ဒီနေ့ကနေ ၄ရက်လောက်က ဆိုင်တွေမခင်းခိုင်းဘူး။ မဖွင့်ခိုင်းဘူး။ တစ်ချို့က ဒီမနက်အစောကြီး ဖွင့်တဲ့သူက ရှိနေသေးတယ်။ ဒီချိန်လူကြီးတွေ မထသေးဘူးဆိုပြီး ဖွင့်နေကြတာ။ ကချင်ပြည်နယ်နေ့ပွဲ ကျင်းပမယ်လို့ ပြောတယ်။ မနောအကလဲ စည်စည်ကားကား ကမယ်တဲ့။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး၊ သဝဏ်လွှာဖတ်ပွဲ၊ မနောအကဆင်နွှဲခြင်း၊ ပြခန်းများ ခင်းကျင်းပြသခြင်း၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဆုပစ္စည်းများ ချီးမြင့်အပ်နှင်းခြင်းနှင့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ စသည့်အခမ်းအနားများလည်း ပါဝင်မည်ဖြစ်ကြောင်း ယမန်နေ့တွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ဇန္နဝါရီ ၉ရက်နေ့တွင် အောင်နိုင်ခြင်း မနောအက ဖွင့်ပွဲအား အတူတကွ စုပေါင်းဆင်နွှဲသွားမည်ဖြစ်ပြီး၊ Polytechnic University (Myitkyina) ဖွင့်ပွဲ အခမ်းအနားလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် ဇန္နဝါရီ ၈ရက်နှင့်၉ရက်တို့တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို တွဲဆိုင်း (၃၀)ခန့်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments