စစ်ကောင်စီတပ်မှ ပြည်သူများနေထိုင်ရာဒေသသို့ ဦးတည်ကာ လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်
- Pajau Media

- Sep 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာကာ တပ်ချထားသော စစ်ကောင်စီတပ်သည် ယခုလပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများနေထိုင်ရာဒေသများသို့ လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်းဗုံးချမှုများ ခပ်စိတ်စိတ် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဒေသခံတစ်ဦး၏ပြောဆိုချက်အရ 'မနေ့ည ၁၂ ခွဲလောက်မှာ ဆိုင်းတောင်ရပ်ကွက် ၃ ဘက်မှာလက်နက်ကြီးကျတယ်၊ မိန်းမတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက် တော်တော်ထိသွားတယ်၊ ပြီးတော့ တရုတ်ဘုံကျောင်းနားကျတယ်၊ စာသင်ကျောင်းအဆောင်ဘက်လဲကျတယ်၊ မောင်ဦးနွားခြံထဲလည်းကျတယ် နွား ၂ ကောင်သေသွားတယ်၊ ပြီးတော့ ခေါက်ဆွဲဆိုင်နားမှာလည်းကျတယ်။ ဒါတောင်ကျွန်တော်တို့သိရသလောက်ပဲ' ဟုဆိုသည်။
ထို့အပြင် မြို့တွင်းစစ်ကြောင်းထိုးနေတွင်လည်း လမ်းသွားလမ်းလာ ပြည်သူများအား မတရားဖမ်းဆီးခေါ်ဆောင်မှုနှင့် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း မကြာခဏလုပ်ဆောင်လေ့ရှိသည်။
ယမန်နေ့ညတွင်လည်း ညအချိန် (12) နာရီခွဲခန့်ကတည်းက ယနေ့နံနက်အထိပင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်ရာ မြို့တွင်းနေရာအချို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အပြစ်မဲ့ပြည်သူများ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ထိုသို့သော လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုများ၊ မတရားဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင့် ဖားကန့်ဒေသနေပြည်သူများသည် စိုးရိမ်ပူပန်မှုများဖြင့်သာ နေထိုင်နေရသည်ဟု ဆိုသည်။
သတင်း - အန်ဒီ




Comments