စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့နယ်မှ ပြည်သူ (၂၀၀)ကျော်ကို ဖမ်းဆီးသွား
- Pajau Media

- Oct 10, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့နယ်၊ အလယ်ရွာနှင့် စက်တောရွာတို့မှ ဒေသခံ (၂၀၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများသည် ရွာအနီးအနားရှိ တောတောင်များတွင် စစ်ဘေးရှောင်နေကြသော ပြည်သူများဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းများ၌ ပိတ်မိနေသည့် အသက် (၆၀)ကျော် သက်ကြီးရွယ်အိုများကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများ၏ မျက်နှာများကို အဝတ်ဖြင့်စည်းကာ မိုးကာဖုံးထားသည့် ကားများဖြင့် အနောက်ဘက်ခြမ်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ကြောင်လည်ရွာမှ ဒေသခံ(800)ဦးကို ဖမ်းဆီးသွားခဲ့သေးသည်။
စစ်ကောင်စီ၏ လက်အောက်ခံ SNA သည် စက်တင်ဘာလ ၂၁ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်ကနေ ပင်းခါးကျေးရွာအထိ နောက်ဆုတ်ခဲ့ရပြီးနောက် ဗန်းမောက်မြို့အနောက်ဘက်ရှိ ကြောင်လည်ရွာ၊ စက်တောကျေးရွာဖက်သို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဗန်းမောက်မြို့ပြည်သူ(၅၀၀၀) ကျော်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား




Comments