စစ်ကောင်စီများက Kpay ငွေလွှဲငွေထုတ်များကို အခြေခံ၍ ဖမ်းဆီးမှုများ ပြုလုပ်လာ
- Pajau Media

- Oct 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

မြစ်ကြီးနားမြို့တွင်း၊ မြို့ပြင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ကောင်စီက လမ်းဆုံလမ်းခွ နေရာများတွင် နေရာယူ တားဆီးစစ်ဆေးမှုများ ခပ်စိပ်စိပ်ပြုလုပ်လာသည့်အပြင် ယခုနောက်ပိုင်း စကားအပြန်အလှန် ပြောဆိုထားသည့် chat Boxများနှင့် ငွေလွှဲငွေထုတ် ပြုလုပ်ထားသည့် Kpay Account များကိုလည်း အသေးစိတ် စစ်ဆေးလာကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။
“လက်တလောကပဲ ဗလမင်းထင်တံတားမှာ တစ်ယောက်ဖမ်းဆီးခံခဲ့ရတယ်။ စစ်တပ်က အခုဖမ်းမိတဲ့သူကို ၂၀၂၂ခုနှစ်ကတည်းက ရှာနေခဲ့တာလို့ ပြောတယ်။ သူ့ကို Kpayကနေ PDFတွေကို ငွေလွှဲပေးတယ်ဆိုပြီး ဖမ်းဆီးသွားတာ။ နှစ်ဘယ်လောက်ကြာကြာ တွေ့အောင်ရှာပြီး ဖမ်းတယ်။ အခုက အမြဲသတိထားနေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင်က လမ်းသွားလမ်းလာ ပြည်သူများကို မှတ်ပုံတင်စစ်ဆေးချိန် ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အဆင့်မြင့်နည်းပညာများဖြင့် စစ်ဆေးရှာဖွေခဲ့သောကြောင့်လည်း CDMဝန်ထမ်း အများအပြားလည်း ဖမ်းဆီးခံခဲ့ရသလို၊ လက်ရှိမှာ Kpayကြောင့် ဖမ်းဆီးခံရသူလည်း ရှိလာသည်ဟု ဆိုသည်။
စစ်တပ်က ၂၀၂၁ခုနှစ်ကတည်းက black list ထည့်သွင်ထားသူများကို လက်ရှိအချိန်ထိ ဖမ်းဆီးအရေးယူ ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်း ခေတ်မှီစက်ပစ္စည်းများဖြင့် စစ်ဆေးရှာဖွေလာသောကြောင့် သတိထားရမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments