စစ်ကောင်စီ၏ မဲစာရင်းများကို အောက်တိုဘာ၂၀အထိ တိုးမြင့်ကြေညာ
- Pajau Media

- Oct 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများကို အောက်တိုဘာ ၂၀ရက်နေ့အထိ ရက်ပေါင်း ၇ရက် ထပ်မံတိုးမြင့် ကြေညာထားမည်ဖြစ်ကြောင်း UECရုံးက ဖုန်းမက်ဆစ်များမှတစ်ဆင့် ပေးပို့အသိပေးလာကြောင်း ဒေသခံများထံမှ သိရသည်။
မဲဆန္ဒရှင်များစာရင်းများအား စက်တင်ဘာ (၃၀) ရက်နေ့မှစပြီး အောက်တိုဘာ(၁၃)ရက်နေ့အထိ ၁၄ရက်ကြာ ကပ်ထားကြေညာထားခဲ့ပြီး၊ လာမည့်အောက်တိုဘာ၂၀ရက်နေ့အထိ ထပ်မံတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ပြီး၊ အမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရမည်နိုင်ကာ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ကြောင်းလည်း ပေးပို့ထားသည်။
မြစ်ကြီးနားမြို့မှာတော့ ဒူကထောင်ရပ်ကွက်၊ မြေမြင့်၊ မြို့သစ်ကြီး၊ တပ်ကုန်း စသည့်ရပ်ကွက် အသီးသီးတွင် ထုတ်ပြန်ကြေညာထားပြီး၊ အခြားမြို့များဖြစ်သည့် ပူတာအို၊ ဗန်းမော်၊ မိုးညှင်း စသည့် ဒေသများတွင်လည်း ကြေညာထားပြီးဖြစ်ကြောင်းနှင့် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည့် ဗန်းမော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကိုတော့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး၌ ကပ်ထားကြေညာထားကြောင်း သိရသည်။
စစ်ကော်မရှင်၏ ပထမပိုင်း အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ၂၈ရက်နေ့တွင် မြို့နယ်(၁၀၂)မြို့နယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments