top of page

စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် KHRW တောင်းဆို

  • Writer: Pajau Media
    Pajau Media
  • Dec 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဒီဇင်ဘာ၊၂၀၂၅။



ဒီဇင်ဘာ ၁၀ရက်နေ့သည် (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး၊ ယင်းနေ့တွင် KHRWမှ စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာ တရားစစ်ခုံရုံးမှ သတ်မှတ်ပေးရန် တိုက်တွန်းပြောဆိုချက် ထုတ်ပြန်ထားသည်။


ယခုနှစ် (၇၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်မှာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး၊ Our Voice , Our Fight, Our Right" ဖြစ်ပြီး၊ နိုင်ငံတကာတွင် အဆိုပါနေ့ကို လွတ်လွတ်လပ်လပ် ကျင်းပပြုလုပ်ခွင့်ရှိသော်လည်း မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်တွင် နေ့စဉ်လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။


စစ်ကောင်စီစစ်တပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းချက် (၄)ခု တွေ့ရပြီး၊ အာဏာသိမ်းစစ်ကော်မရှင်သည် ပြည်သူထူထုများအပေါ် ကျူးလွန်ချိုးဖောက်ခဲ့သည့် အမှုများကို တာဝန်ယူ တာဝန်ခံရန်၊ နိုင်ငံတကာ တရားစစ်ခုံရုံးမှ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန်နှင့် စစ်ကော်မရှင်ကို ထောက်ပံ့ပေးနေသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အမြန်ဆုံးအရေးယူပေးရန်၊ အရပ်သားပြည်သူများကို အကာအကွယ်ပေးခြင်းနှင့် အကြမ်းဖက်မှု လုပ်ရပ်များကို ရပ်တန့်ရန်၊ ပဋိပက္ခတွင် ပါဝင်ပတ်သတ်သူအားလုံး၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန် တို့ဖြစ်သည်။


စစ်ကောင်စီတပ်ဖွဲ့မှ ၄နှစ်ကျော်အုပ်ချုပ်မှုအချိန်တွင် ကလေးများအပါအဝင် ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဘာသာရေး အဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ သွားလာခွင့်ကို ပိတ်ပင်ခြင်းနှင့် သတင်းအမှောင်ချခြင်း စသည့်အခွင့်အရေးများကို ကျူးလွန်ချိုးဖောက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကုလသမ္မဂမှ ပြီးခဲ့သည့် ၁၉၄၈ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယနေ့တွင် (၇၇)ကြိမ်မြောက်နေ့ ကျရောက်ခဲ့ပြီ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page