စစ်ကော်မရှင်က ခေါင်လန်ဖူးဒေသအတွင်း စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်နေ
- Pajau Media

- Nov 19
- 1 min read
ပါ ဂျောင်မီဒီယာ
၁၉ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

စစ်ကော်မရှင်က ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်များအားကောင်းသည့် ခေါင်လန်ဖူးဒေသဘက်ကို စစ်အင်အားတိုး၊ စစ်ရေးလှုပ်ရှားမှုကို မြေပြင်လှုပ်ရှားမှု သာမက ပူတာအိုကနေ ရဟတ်ယာဥ်ဖြင့် နေ့စဥ်နေ့တိုင်း သွားလာကာ စစ်ရေးအတွက် ပြင်ဆင်တာတွေပိုမို လုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရသည်။
“ ရဟတ်ယာဥ်ကတော့ မသွားတဲ့ရက်ကို မရှိဘူး နေ့တိုင်းပဲ ရိက္ခာပို့တာ ဖြစ်နိုင်တယ်၊ ရွေးကောက်ပွဲလည်းနီးပြီဆိုတော့ လုံခြုံရေးအတွက် ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်၊ ရဟတ်ယာဥ် ဖြတ်သွားတိုင်း ဘယ်တော့ များလာချမလဲ စိုးရိမ်နေရတာ၊ ကြောက်တာပေါ့၊ ကြားရတာတော့ လန်ဆယ်ပြန်ယူမယ် ဆိုတာတွေတော့ ကြားနေရတယ်” ဟုဒေသခံတစ်ဦး က ပြောသည်။
ပူတာအိုနှင့် ခေါင်လန်ဖူးဒေသမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ရာနှုန်းပြည့်ကျင်းပနိုင်ရေးအတွက် ဒေသလုံခြုံရေးကို ပိုတိုးလုပ်ဆောင်လာတာတွေ ရှိနေကြောင်းလည်း ဒေသခံများမှသိရသည်။
လက်ရှိမှာ စစ်ကော်မရှင်ပူးပေါင်းတပ်များ သည် ပူတာအိုဒေသအတွင်းမြေပြင်စစ်ရေးလှုပ်ရှားနေသည့်အတွက် နိုဝင်ဘာ ၁၆ရက်က မချမ်းဘော့မြို့နယ် မလိခမြစ်တစ်ကျောမှာ စစ်ကော်မရှင်တပ်စစ်ကြောင်းကို ကေအိုင်အေပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဟာ လုံရှာယန်အနီး တန်ဂျာရွာဘက်ကို ပြေးသွားကြောင်းလည်း သိရသည်။
တိုက်ခိုက်ခံရသည့်စစ်ကြောင်းဟာ ခေါင်လန်ဖူးဘက် စစ်ကူသွားစဥ် တိုက်ခိုက်ခံရတာ ဖြစ်ကြောင်းလည်း သိရသည်။ ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ အောက်တိုဘာလက စပြီး ခေါင်လန်ဖူးမြို့နယ်မှ စစ်ကော်မရှင်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာအတွင်းမှာ စခန်း ၄ ခု လောက် လက်လွတ်ခဲ့သည့်နောက်ပိုင်း ခေါင်လန်ဖူး ဒေသအတွင်း စစ်အားဖြည့်တင်း လှုပ်ရှားမှု ပိုတိုး၍ လုပ်ဆောင်လာတာဖြစ်ကြောင်းလည်း သိရသည်။
သတင်း- ပီးလာမ့်အူ



Comments