top of page

စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အပြင်းအထန် တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာတိုက်ပွဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မုတ်ကျိတ်နှင့် နမ့်ဝါကျေးရွာများထိပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် ဩဂုတ်လ‌ နောက်ဆုံးအပတ်မှစပြီး တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်တပ်က လမြန်ကျေးရွာအပါအဝင် ဘေးပတ်ဝန်းကျင် ကျေးရွာများထိပါ လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့် လမြန်ကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်နေ့ကတည်းက ထိုးစစ်ဆင်နေရာ စက်တင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းများအသုံးပြုကာ ခုခံတိုက်ခိုက် နေကြောင်းသိရသည်။


တိုက်ပွဲသည် ဝိုင်းမော်မြို့ပေါ်မှ ဆယ်မိုင်ခန့်အကွာတွင်ရှိသော လမြန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများကိုပါ စစ်တပ်က လေကြောင်းအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှလည်း လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၃၁ရက်နေ့တွင်လည်း ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သောကြောင့် စစ်ဘေးရှောင်မိသားစုဝင် ငါးဦးဒဏ်ရာရခဲ့ပြီး အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။


စစ်ကောင်စီက ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများ အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမို လုပ်ဆောင်နေသည်ဟု Kachin Human Rights Watch - KHRW မှလည်း ထုတ်ပြန်ထားသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page