စစ်ကော်မရှင်က ရွေးကောက်ပွဲအချိန်နီးလာသည်နှင့်အမျှ တော်လှန်ရေးဒေသတွေမှာ စစ်မျက်နှာသစ်ဖွင့် ထိုးစစ်ပြုလုပ်နေဆဲ
- Pajau Media

- Oct 18, 2025
- 2 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊ အောက်တိုဘာလ၊ ၂၀၂၅။
ဒီမိုကရယ်စီ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်ကော်မရှင် ပြောဆိုနေပေမဲ့ တစ်ဖက်မှာ တော်လှန်ရေးဒေသတွေမှာ စစ်မျက်နှာအသစ် တိုးချဲ့ကာ စစ်ရေးဖော်ဆောင်မှုများ ဆက်တိုက်ဆိုသလို ပြင်းထန်စွာလုပ်နေတာ တွေ့ရပါတယ်။
စစ်ကောင်မရှင်ဦးဆောင်ကျင်းပမည့် တစ်နိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲအတွက် အောက်တိုဘာလဆန်းပိုင်းမှစ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အသီးသီးတွင် မဲစာရင်း ကြေညာခြင်းပြုလုပ်ပြီး မဲစာရင်းကို ရက်တိုးမြင့်ကြေညာတာတွေလုပ်ဆောင်နေပါတယ်။
ရွေးကောက်ပွဲမတိုင်မည် အချိန်အတွင်း ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်ထဲပါဝင်သည့် ကချင်ပြည်နယ်မှ ပူတာအို၊ ခေါင်လန်ဖူးမြို့နယ်များတွင်လည်း စစ်အင်အားတိုးချဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ကာ ပူတာအို ဒေသကို အလုံးစုံထိန်းချုပ်နိုင်အောင် ကြိုးစား နေတာတွေ တွေ့ရတယ်။
လက်ရှိမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ပြီး လက်တလောတွင် ပူတာအို-လုံရှာယန်အနီး တန်ဂျာကျေးရွာနှင့် မချမ်းဘော့-ထန်ဂါးကျေးရွာတို့တွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နေပါသည်။
စစ်ကော်မရှင်က ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ ခေါင်လန်ဖူးဒေသတို့တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့် ပူတာအို၊ ခေါင်လန်ဖူးဒေသတို့မှာ စစ်အင်အားများ ဖြည့်တင်းနေဆဲဖြစ်သလို အောက်တိုဘာလဆန်းက စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ကို ထောက်ခံသည့် ဆန္ဒပြလှုပ်ရှားမှုများရှိပြီး ယခုကဲ့သို့ လှုပ်ရှားမှုတွေ တန်ဂူးတန် ပြည်သူ့စစ သားတွေက လုံခြုံရေးယူ ကာကွယ်ပေးတာတွေ လုပ်နေတာ ဖြစ်ပါတယ် ။
ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို နိုင်ငံအတွင်းရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများရဲ့“ထွက်ပေါက်” အဖြစ် စစ်ကော်မရှင်က ပုံဖော်နေကာ နိုင်ငံတကာ၏ ထောက်ခံမှု ရရှိလာအောင် မဲဆွယ်စည်းရုံးနေသည်။
အမှန်တကယ် ရွေးကောက်ပွဲ၏ အဓိပ္ပါယ်မှာ ပြည်သူ့ဆန္ဒခံယူသည့် အဓိပ္ပာယ်ပါဝင်ခြင်းဖြစ်သည့်အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် တွေ့ဆုံခဲ့သမျှ နိုင်ငံတကာခေါင်းဆောင်များက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြောဆိုတာတွေတော့ မရှိခဲ့ပါဘူး။
နိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ပွဲသည် ထိုနိုင်ငံ၏ပြည်တွင်းရေးသာဖြစ်သဖြင့် ကမ္ဘာ့နိုင်ငံများက ဆန့်ကျင့်သည့် သဘောထား မပေးကြသည်မှာ သဘာဝကျသည်ဟု ဆိုရမှာပါ။ ထိုအချက်တွေကြောင့် စစ်ကော်မရှင်က အာဏာဆက်လက် တည်တံ့ရေးအတွက် နိုင်ငံအတွင်း ရွေးကောက်ပွဲအစီအစဉ်ကို မဖြစ်ဖြစ်အောင်လုပ်ဆောင်ဖို့ လုပ်လာတာဖြစ်တယ်လို့ သုံးသပ်ရပါသည်။
သို့ရာတွင် ရွေးကောက်ပွဲကျင်းပမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲကျင်းပလိုသူများသည် နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်လာခြင်း၊ ရွေးကောက်ပွဲကို အာဏာတည်မြဲရေးအတွက် အပြစ်မဲ့ပြည်သူ့အသက်ပေါင်းများစွာနှင့် လောင်းကြေးထပ်မည့် လောင်းကစားတစ်ဖွယ် လုပ်ဆောင်နေတယ် လို့ နိုင်ငံရေးသုံးသပ် သူတွေက ပြောဆိုနေကြပါတယ် ။
ရွေးကောက်ပွဲသည်သာလျှင် လက်ရှိ မြန်မာနိုင်ငံရေး ပြဿနာကို ကျော်လွှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းသဖွယ် လုပ်နေသည့် စစ်ကော်မရှင်သည် ပြည်နယ်တစ်ခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးထားသည့် ရခိုင် ပြည်နယ် သာမက အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနယ်မြေတွေမှာ ယခုရက်ပိုင်းအတွင်း ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေပါတယ်။
စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အရက္ခတပ်မတော် တပ်မှုးချုပ် ထွန်းမြတ်နိုင်ကလည်း ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ်နဲ့ရွေးကောက်ပွဲနဲ့ပတ်သက်သည့် မေးမြန်းခန်းမှာ အခုလို ပြောဆိုထားပါတယ်။
"တကယ် စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲ၊ သို့သော် ဒီလမ်းကြောင်းကို ရွေးဖို့အတွက် အခြေခံမှုနဲ့ လုပ်ဆောင်တဲ့ပုံစံကတော့ မှန်ကန်ဖို့လိုတယ် ၊ အခြေခံမှုဆိုတာကတော့ တိုင်းပြည်အတွက်ငြိမ်းချမ်းတဲ့ နိုင်ငံရေးထွက်ပေါက်ရှာရမယ်၊။
ဒီအလုပ်ကို အကောင်အထည် ဖော်လာတဲ့အချိန်မှာလည်းပဲ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေပါဝင်ပြီးတော့မှ ပြည်သူအများလက်ခံအောင် လုပ်မယ်ဆိုတာက မှန်ကန်တာပဲ၊ သို့သော်ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေကို ဘေးဖယ်ထားပြီးမှ ကိုယ့်စိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာမျိုးက မသမာတဲ့နည်းနဲ့ထွက်ပေါက်ကို အသုံးချတာပဲလို့ပဲပြောရမယ်၊ ပြည်သူအများရဲ့ယုံကြည်ချက်မရရင်တောင် မှ လူအမြင်မှာ သင့်တဲ့ဟာတွေ သူလုပ်သင့်တယ်။ ဥပမာ အသက် ရှစ်ဆယ်ကျော် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့ ဟာမျိုးပေါ့" ဟူ၍လည်းထောက်ပြ ပြောဆိုထားပါတယ်။
စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဥ်ပြိုင်မည့် ကိုယ်စလှယ် လောင်များ၏ မဲဆွယ်စည်းရုံးခြင်းကို ရက််ပေါင်း ၆၀၊ ၂လအတွင်း ပြုလုပ်နိုင်ကြောင်း နှင့် မဲဆွယ်စည်းရုံးခြင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆နာရီမှ ဒီဇင်ဘာ ၂၆ ရက်ည ၁၂ နာရီအထိ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၅ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။
အဆိုပါပြဋ္ဌာန်းချက်ထဲတွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးခြင်း၊ တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျအောင် ဟောပြောခြင်း၊ လုပ်ဆောင်ခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်းများ မလုပ်ရန်၊ ဒါ့အပြင်ဟောပြောမည့်နေရာ၊ ရက်၊ အချိန်နှင့် ဟောပြောသူများ၏ ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ခွင့်ပြုမိန့်တင်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိတွင် မဲစာရင်းများကို အောက်တိုဘာ ၁၀ ရက်နေ့အထိ ပထမအကြိမ် ကြေညာထားပြီးဖြစ်သည့်အပြင် အချို့ဒေသများမှာ ရက်တိုးမြင့် ကြေညာထားဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း ၁ ကိုတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ဒီဇင်ဘာ ၂၈ရက်နေ့မှစ၍ စတင်ပြုလုပ်သွားရန် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါသည်။
ပီလမ့်အူ










Comments