စစ်ကော်မရှင်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၄)ဦး ထပ်မံသေဆုံး
- Pajau Media

- Sep 25, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် စက်တင်ဘာ၂၃ရက် ညသန်းခေါင်ချိန်တွင် မနကျေးရွာသို့ လက်နက်ကြီး ကျရောက်ပြီး ပြည်သူ(၄)ဦးသေဆုံးကာ တစ်ဦးဒါဏ်ရာပြင်းထန် ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ ညတစ်နာရီထိုးခါနီးပြီ၊ ဖားကန့်ဗျူဟာကုန်းကနေ ပစ်နေတာ မနမှော်က လေးယောက်က လက်နက်ကြီးကျတဲ့အချိန် ပွဲခြင်းပြီးဘဲ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်။ ညသန်းခေါင် လူတွေအိပ်မောကျတဲ့ အချိန်ဆိုတော့ ရှောင်ချိန်မရဘူး " ဟု မနကျေးရွာမှာ နေထိုင်သူတစ်ဦးမှ ပြောသည်။
ယမန်နေ့ စက်တင်ဘာ၂၄ရက်နံနက် ၄နာရီအချိန်တွင်လည်း မနကျေးရွာ ဘောလုံးကွင်းရှေ့မှ ကြယ်နီကွမ်းယာဆိုင် အိမ်ပေါ် သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီတပ် စစ်ကြောင်းများမှာ ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ယူမာကျေးရွာတို့တွင် ရှိနေခြင်းဖြစ်သည်။
ယခုအချိန်တွင် လုံးခင်းနှစ်မျက်နှာဘုရား၊ လယ်ပြင်စာသင်ကျောင်း၊ မှော်စီစာဘုရားကုန်း၊ မရှီကထောင် ရေအေးချောင်ထိပ်ရှိ ရောင်ခြည်ဦးသီလရှင်ကုန်းတို့တွင် နေရာများယူပြီး ဖြန့်ကျက်ထားသည်။
စက်တင်ဘာ ၂၂ရက်တွင်လည်း ကျောက်သွေးတောင်ဖက် စစ်ကော်မရှင်၏ ဒရုံးဗုံးသီးချမှု ကြောင့် သားအဖနှစ်ဦးသေဆုံးခဲ့သည်။
လက်ရှိစစ်ရေးအခြေအနေအရ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ၊လက်နက်ကြီးအန္တရာယ်နှင့် မြေပြင် တိုက်ပွဲအန္တရာယ်များကို အထူးသတိပြုဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူမှ သတိပေးချက် ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်တပ်များမှာ အရပ်သားနေထိုင်ရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဗုံးသီးချခြင်းများပြုလုပ်ပြီး စစ်ရာဇဝတ်မှုကျူးလွန် နေသည်ကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) မှလည်း ထုတ်ပြန်ထားသည်။
သတင်း - ကချင်ပြည်သား










Comments