top of page

စစ်တပ်က ဆဒုံးဒေသထိ လေကြောင်းဗုံးကျဲခဲ့ပြီး၊ ဝိုင်းမော်ပြည်သူများ ထပ်မံတိမ်းရှောင်

  • Writer: Pajau Media
    Pajau Media
  • Sep 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ ဝိုင်းမော်-လမြန်ကျေးရွာတွင် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆဒုံးဒေသထိ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ ဆဒုံးသွားလမ်းမှ ဝါရှောင်ကျေးရွာအပါအဝင် အချို့ကျေးရွာများ ယမန်နေ့က အရေးပေါ်တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။


လက်ရှိ လမြန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေသလို စစ်တပ်က နမ့်ဝါ၊ မုတ်ကျိတ်နှင့် ဆဒုံးဒေသထိ လေကြောင်းဗုံးကျဲကာ ထိုးစစ်ဆင်လာသည်ဟု ဆိုသည်။


ထို့ကြောင့် ဆဒုံးသွားလမ်းတွင်ရှိသော ဝါရှောင်ကျေးရွာအပါအဝင် အနီးဝန်းကျင်မှ ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ စစ်ရှောင်များမှာ နီးစပ်သည့် လုံခြုံသောနေရာနှင့် မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။


ဩဂုတ်လမှ တစ်ဖန်ပြန်လည် ပြင်းထန်လာသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များက ဝိုင်းမော် ခလရ (၅၈)တပ်ရင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၊ လယ်ကုန်းနှင့် ကြက်ပေါင်ခြံ အစရှိသည့် နေရာများမှ နေ့၊ညမပြတ် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ကူနေကြောင်း သိရသည်။


နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ဝါရှောင်ကျေးရွာအပါအဝင် လမြန်၊မုတ်ကျိတ် အစရှိသည့် တစ်ဆက်တည်းတည်ရှိသော ကျေးရွာများမှ ပြည်သူအများစုမှာ ပြီးခဲ့သည့် နှစ်ကတည်းက ဘေးလွတ်ရာတွင် တိမ်းရှောင်ခဲ့ကြပြီး၊ ယခုချိန်တွင် ထပ်မံတိမ်းရှောင်ရခြင်း ဖြစ်သည်။


လက်ရှိမှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အပါအဝင် ဗန်းမော်နှင့် ဖားကန့်ဒေသများတွင် စစ်တပ်က စစ်အင်အားဖြည့်တင်းကာ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page