စစ်တပ်က ပစ်ခတ်လိုက်သည့် Scucide ဒရုန်းတစ်လုံးကြောင့် ပြည်သူ(၂)ဦး ထိခိုက်
- Pajau Media

- Oct 17
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
စစ်ကောင်စီက မြစ်ကြီးနားဘက်ကနေ ပစ်ခတ်လိုက်သည့် scucide ဒရုန်းတစ်လုံးက ယမန်နေ့ အောက်တိုဘာ ၁၆ရက် ညသန်းခေါင် ၁၁နာရီ ၅၅မိနစ်ခန့်တွင် လိုင်ဇာမြို့တွင်း ကျရောက်ပေါက်ကွဲသောကြောင့် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမှ ဒရုန်းနှစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ scucide ဒရုန်းတစ်လုံးက လိုင်ဇာမြို့ပြင်တွင် ကျရောက်ခဲ့သလို၊ နောက်ထပ်တစ်လုံးမှာ လိုင်ဇာမြို့တွင်းရှိ ဆိုင်တစ်ဆိုင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
မြို့တွင်းရှိသည့် ဆိုင်ပေါ်ကျရောက်သောကြောင့် နေအိမ်သွပ်မိုးများပျက်စီးခြင်းအပြင် ဆိုင်စောင့်တရုတ်လင်မယားနှစ်ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ၂၁ရက်နေ့တွင်လည်း စစ်တပ်က ပစ်ခတ်လိုက်သည့် scucide ဒရုန်း(၃)လုံးက လိုင်ဇာမြို့အနီး ကျရောက်ပေါက်ကွဲခဲ့သေးသည်။
လက်ရှိတွင် နေရာအနှံ့တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအင်အားစုများ နေ့စဉ်စစ်ရေးတင်းမာကာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်တပ်က အကျအဆုံးများလာချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပြည်သူများနေထိုင်ရာ နေရာများသို့ လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်တတ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း









Comments