top of page

စစ်တပ်က မြို့တွင်း လမ်းဆုံလမ်းခွနေရာများတွင် နေရာယူကာ ဖုန်းကို အဓိကတားဆီးစစ်ဆေးနေ

  • Writer: Pajau Media
    Pajau Media
  • Sep 22, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


စစ်ရေးတင်းမာခြင်း ပိုမိုပြင်းထန်လာသည့် အခြေအနေတွင် စစ်ကောင်စီက လူများသည့် မြို့တွင်းနှင့် လမ်းကြိုလမ်းကြားနေရာများအထိ တားဆီးစစ်ဆေး ရှာဖွေမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မြစ်ကြီးနားဒေသခံများက ပြောသည်။


“အခုရက်ပိုင်း ပိုပိုပြီးစစ်ဆေးလာတယ်။ သူတို့က အကုန်လုံးကို တားဆီးစစ်ဆေးတာတော့ မဟုတ်ဘူး။ သူတို့ သတင်းရလို့ တစ်ခုခုကို ရှာသလိုနဲ့ကို ရှာဖွေစစ်ဆေးနေတာ။ အခုက ဆိုင်ကယ်တွေအထိ ရှောင်သခင်တားဆီးပြီး စစ်ဆေးနေတော့ အမြဲတမ်း စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်။” ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။


အလားတူ ရာဒါကောင့်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများတွင်လည်း နေရာယူကာ တားဆီးစစ်ဆေးနေကြပြီး၊ ဖုန်းကိုသာ အဓိကစစ်ဆေးသလို မက်ဆင်ဂျာ၊ wechat၊ တယ်လီဂရမ်နှင့် Viber စသည့် လူမှုကွန်ယက်စာမျက်နှာများအထိ စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးကြကြောင်း လူငယ်တစ်ဦးမှ ပြောပြသည်။


“ရာဒါကောင်ဘက်ဆို နေ့တိုင်းလှုပ်ရှားနေကြတယ်။ အခုက ဖုန်းကိုပဲ အဓိကစစ်ဆေးနေကြတာ။ စစ်ဆေးတဲ့သူတွေကလဲ ကချင်စာတွေ အကုန်ဖတ်တတ်တယ်၊ အရမ်းသတိထားရတော့မယ်၊ မလွယ်တော့ဘူး။” ဟု ပြောသည်။


ယနေ့ စက်တင်ဘာ ၂၂ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်က ပလန-တြိနိတိလမ်းဆုံတွင်လည်း ပြင်းပြင်းထန်ထန် တားဆီးစစ်ဆေးနေသည်ဟု ဆိုသည်။


စစ်တပ်က ယခုရက်ပိုင်းအတွင်း ခရီးသွားများအပြင် မြို့တွင်း လမ်းသွားလမ်းလာ ပြည်သူများအထိ တားဆီးစစ်ဆေးလာပြီး၊ ဗလမင်းထင်တံတားတွင်လည်း လူအင်အားဖြည့်တင်း စစ်ဆေးနေကြကြောင်း သိရသည်။


ပြီးခဲ့သည့် စက်တင်ဘာ(၁၄)ရက်နေ့တွင်လည်း မြစ်ကြီးနား-စံပြမိန်းလမ်းမပေါ်မှ လူနှစ်ဦးကို ပစ်သတ်မှု ဖြစ်ပွားခဲ့ကာ ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်ဟု ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page