top of page

စစ်တပ်က ယခုနောက်ပိုင်း ညဘက် ပိုမိုလှုပ်ရှားလာသောကြောင့် ပြည်သူများ သတိထားရန်လို

  • Writer: Pajau Media
    Pajau Media
  • Sep 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


လက်တလော ကချင်ပြည်နယ်အတွင်း နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုပြင်းထန်လာနေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့မှာ မြို့တွင်းနေရာများတွင် နေရာယူကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း မြို့ခံများက ပြောသည်။


“မြစ်ကြီးနားမြို့တွင်း နေ့ည လုံခြုံရေးယူ၊ လျှောက်ပတ်နေတာတွေ ပိုပိုပြီးလုပ်လာတယ်။ ညဘက်ဆို ပိုလုပ်တယ်၊ လူဖမ်းတာတွေ၊ သူတို့လဲ KIAက စစ်သားစုဆောင်းတာတွေ လုပ်တယ်ထင်လို့ထင်တယ်၊ အဲ့ကြောင့် မြို့တွင်း ညဘက် ကင်းစောင့်သလို လုံခြုံရေးယူ စစ်ဆေးနေတာ၊ သွားလာရေးအတွက် သတိထားနေရတယ်။” ဟု မြို့ခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။


မြို့တွင်း ည ၈နာရီနောက်ပိုင်းမှစပြီး လမ်းကြိုလမ်းကြားနေရာများတွင် နေရာယူကာ စစ်ဆေးခြင်းများ ပြုလုပ်လာသောကြောင့် ဖြစ်နိုင်လျင် အပြင်မထွက်ကြရန် အထက်ပါက ဆက်ပြောသည်။


“အခုက မြို့တွင်းဆိုပေမဲ့ မလုံခြုံတော့ဘူး။ နှစ်ဖက်တပ်ဖွဲ့ကလဲ စစ်သားစုဆောင်းတာတွေ လုပ်တယ်။ ဒါပေမယ့် KIAဘက်က ခေါ်သွားရင် ပြန်စုံစမ်းယူလို့ရတယ်။ စစ်တပ်ဘက်ကဆိုရင် ဘာသတင်းမှ မရတာမလို့ အရေးမကြီးရင် အပြင်မထွက်တာ အကောင်းဆုံးပဲ။” ဟု ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့က မြစ်ကြီးနားမြို့တွင် ညဘက် လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာပြီး၊ လူငယ်များ အသွားများသည့် KTVနေရာများတွင် ဝင်ရောက်ဖမ်းဆီးခြင်းနှင့် လက်တလောမှာ နန်ကျင်သွားလမ်းနှင့် ကြာရာပတီးသွားလမ်းများတွင် စစ်ဆေးခြင်းများကို ပိုမိုလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page