စစ်တပ်၏ လေယာဉ်ဗုံးကျဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ (၄)ဦးဒဏ်ရာရ
- Pajau Media

- Sep 1, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
စစ်ကောင်စီက ဝိုင်းမော်-လမြန်ဒေသဘက် စစ်အင်အားဖြင့် စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး၊ လေယာဉ်ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်သောကြောင့် ပြည်သူ(၁)ဦး အသက်သေဆုံးကာ (၄)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၃၁ရက် နေ့လည်အချိန်ခန့်တွင် လေယာဉ်ဗုံး လာရောက်ပစ်ခတ်ခဲ့ပြီး၊ အသက် ၆နှစ်အရွယ်ရှိ ကလေးငယ် မခေါင်နော အသက်သေဆုံးခဲ့ရပြီး၊ အသက်(၂၅)နှစ်အရွယ် မဇေညွယ်၊ အသက်(၁၅)နှစ်အရွယ် မဇေယန်း၊ အသက်(၅၄)နှစ်အရွယ် ဦးဆယော်လွမ်းခေါင်နှင့် အသက်(၃၆)နှစ်အရွယ် ဦးတိန့်ဘောမ့်တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသခံများမှာ လမြန်၊ နန့်ဝါ-မုတ်ကျိတ်ကျေးရွာမှ ဒေသခံများဖြစ်ပြီး၊ လမ်းသွားလမ်းလာချိန် ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်ဒေသ စစ်ရေးအခြေအနေအား ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “လမြန်ဘက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက လမြန်လော်ဝေါ် ဘုရားကျောင်းမှာ စစ်ကောင်စီတွေ နေရာယူထားတာ။ အဲ့နေရာတွေလဲ KIAက ပြန်ရပြီ။ နှစ်ဖက်စစ်ရေး ပြင်းထန်နေဆဲ ဖြစ်တယ်။” ဟု ပြောသည်။
စစ်ကောင်စီက ရွေးကောက်ပွဲမရောက်ခင် ဝိုင်းမော်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းများ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား မပခမှလည်း နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု များပြားနေကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments