စစ်တပ် လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ အများအပြား ထိခိုက်သေဆုံး
- Pajau Media

- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊ဇန္နဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဧရာ၀တီမြစ်တစ်ဖက်ကမ်း၊ ကောင်းဂျာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယမန်နေ့ ၂၂ ရက် ညနေ (၄) နာရီအချိန်ခန့် ဆုတောင်းဝတ်ပြုနေချိန် အာဏာသိမ်းစစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံး(၃) လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂၁)ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ကလေးငယ်များအပါအဝင် (၂၈)ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သူ ၆ ဦးလောက် ရှိနေသည်ဟု ဆိုသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများက ဆေးကုသရန် အရေးပေါ်အကူအညီများ လိုအပ်နေသည်။
ယင်းနေရာသည် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် နေရာဖြစ်ပြီး၊ ယခုကဲ့သို့ တိုက်ခိုက်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု မြောက်နေသဖြင့် စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်ကို “ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” အဖွဲ့အစည်းအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချသည်ဟု ထုတ်ပြန်ထားသည်။
ဒါ့အပြင် နောက်ထပ် အသက်များ မဆုံးရှုံးရအောင် လေယာဉ်ဆီတင်သွင်းခွင့်ကို နိုင်ငံတကာက အမြန်ဆုံး ပိတ်ပင်ပေးဖို့ရန် လိုအပ်ကြောင်းနှင့် ယင်းလုပ်ရပ်မှာ နိုင်ငံတကာ တရားမျှတရေး အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ခိုင်လုံသည့် သက်သေတစ်ခု ဖြစ်ကြောင်းလည်း KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့မှ ပြောဆိုထားသည်။
သတင်း - ထုဆိုင်း




Comments