စစ်တပ်၏ လေယာဉ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်းတော်ဒေသမှ ပြည်သူများ မပြန်နိုင်သေး
- Pajau Media

- Nov 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊နိုဝင်ဘာ၊၂၀၂၅။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးလှုပ်ရှားမှုမများတွင် မြေပြင်နှင့် လေယာဉ်များဖြင့် တိုက်ခိုက်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများထိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အင်းတော်ဒေသမှ ဒေသခံပြည်သူများမှာ နေရပ်ရင်းသို့ မပြန်လာရဲသေးကြောင်း သိရသည်။
အင်းတော်မြို့ကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည်မှာ ပြီးခဲ့သည့် ဧပြီလကတည်းကဖြစ်ပြီး၊ လက်ရှိ NUG ထိန်းချုပ်မှုအောက်တွင် ရှိနေတာ ၆လကျော်လာပြီဖြစ်သည်။ သို့သော် အင်းတော်-ဗန်းမောက်လမ်းတစ်လျှောက်ရှိ ကျေးရွာ (၁၂)ရွာမှ ပြည်သူများမှာ စစ်ကောင်စီ၏ လေယာဉ်ဗုံး စိုးရိမ်ရသေးသောကြောင့် နေရပ်ရင်းသို့ မပြန်ရဲဘဲ ရှိနေသေးကြောင်း သိရသည်။
အဆိုပါ စစ်ရှောင်ပြည်သူများမှာ အင်းတော်မြို့သိမ်းတိုက်ပွဲ မစခင် ၂၀၂၃ခုနှစ် မတ်လကတည်းက စစ်တပ်၏ လေယာဉ်ဗုံးကြဲခြင်း၊ ကျေးရွာတွင်း နေအိမ်မီးရှို့ ဖျက်ဆီးခံရခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ပြီး၊ အနည်းစုသာ နေရပ်ရင်းသို့ ပြန်လာနေထိုင်ကြကြောင်း သိရသည်။
အင်းတော်ဒေသဝန်းကျင်အတွင်း လက်ရှိနေ့စဉ် လေယာဉ်ပျံဝဲနေခြင်း ရှိနေသေးသောကြောင့် ဒေသခံများ စိုးရိမ်နေကြရသည်။ အင်းတော်တိုက်ပွဲတွင် KIA, ABSDF(ကျောင်းသားတပ်)နှင့် PDF တပ်ဖွဲ့များ ပူးပေါင်းပါဝင်ကာ တိုက်ခိုက်သိမ်းပိုက်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ



Comments