စစ်သင်္ဘောများ လုံခြုံရေးယူပေးသည့် လေယာဉ်ဗုံးကျဲမှုကြောင့် နှစ်ရက်အတွင်း အရပ်သား(၁၁)ဦး သေဆုံး
- Pajau Media

- Sep 8, 2025
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ စုန်ဆင်းလာသည့် သင်္ဘောများကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီလေယာဉ်မှ ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ထီးချိုင့်ဒေသတွင် ၂ရက်အတွင်း အရပ်သားပြည်သူ(၁၁)ဦး အသက်သေဆုံးခဲ့ရကြောင်း Tigyaing Revolution-TRမှ သိရသည်။
ဗန်းမော်စုန်ဆင်းလာသည့် စစ်သင်္ဘောများကို လုံခြုံရေးယူပေးသည့် Y-12လေယာဉ်မှ စက်တင်ဘာ ၆ရက်နှင့် ၇ရက်နေ့တို့တွင် ထီးချိုင့်ဒေသ လေယာဉ်ဗုံးပစ်ခတ်တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စုန်ဆင်းလာသည့် စစ်သင်္ဘောများမျာ စက်တင်ဘာ ၈ရက် ယနေ့တွင် သပိတ်ကျင်းဒေသ ဇင်းချောင်းကျေးရွာအနီး ရောက်ရှိလာပြီး၊ ဆက်လက်စုန်ဆင်းသွားကြောင်း၊ သင်္ဘောများ စုန်ဆင်းလာသည့် လမ်းကြောင်းတစ်လျှောက် Y-12လေယာဉ်မှ ပျံဝဲကာ လုံခြုံရေးယူပေးနေကြောင်းနှင့် ဗုံးပစ်ချမှုများလည်း ရှိနေကြောင်း ထပ်မံသိရသည်။
စစ်ကောင်စီတပ်ဖွဲ့က ယခုကဲ့သို့ လေယာဉ်ဗုံး၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသောကြောင့် မြစ်ကြောင်းအနီး နေထိုင်သူများမှာ သတိထားရန်နှင့် လုံခြုံသည့်နေရာတွင် ယာယီရှောင်တိမ်းကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။
ဗန်းမော်ဒေသတွင် စစ်သင်္ဘောများ ဝင်ရောက်လာသည့် ဩဂုတ်လဆန်းကတည်းက လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။
သတင်း - ပီလမ့်အူ




Comments