top of page

ဆွမ်ပီယာန်စစ်ဘေးရှောင်ပြည်သူများအတွက် မိုးရာသီအကြို စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းအကူအညီလိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 21
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဧပြီလ၊၂၀၂၅။




ပူတာအိုမြို့နယ်၊ဆွမ်ပီယာန်စစ်ဘေးရှောင်စခန်းတွင် မိုးရာသီအမှီ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအပြင် အခြေခံလူသုံးကုန်ပစ္စည်းများပါ အကူအညီလိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။


"လက်ရှိအချိန်မှာတော့ အကူအညီ၊အထောက်အပံ့တွေ တော်တော်များများ ရုပ်သိမ်းထားတယ်၊ မနှစ်ကအစပိုင်းမှာတော့ အကူအညီ၊အထောက်အပံ့တွေ ရသင့်သလောက်တော့ ရတယ်ပေါ့။ အဖွဲ့အစည်းတွေဘက်ကရော၊ ဘာသာရေးအဖွဲ့အစည်းဘက်ကရောပေါ့နော်။ အခုနောက်ပိုင်းကျတော့ အဖွဲ့အစည်းတချို့တွေရဲ့ ကူညီထောက်ပံ့မှုတွေ ရုပ်သိမ်းထားတယ်ဆိုတော့ အကယ်လို့ မိုးဝင်ပြီဆိုတာနဲ့ လမ်းတွေပိတ်သွားပြီဆိုရင် ကျွန်တော်တို့ စစ်ရှောင်ပြည်သူတွေ အတော့်ကိုအခက်တွေ့နိုင်ပါတယ်ဗျ။” ဟု ဆွမ်ပီယာန်စစ်ရှောင်တစ်ဦးက ပြောသည်။


မိုးတွင်းကာလသို့ ရောက်ရှိလာသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ စစ်ရေးအခြေအနေ စသည့် အခက်အခဲအမျိုးမျိုးရှိနေသောကြောင့် မိုးတွင်းကာလအတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် ကလေးများ၏ စာရေးကိရိယာများ ခက်ခဲလာမည်ကို စစ်ရှောင်မိဘများ စိုးရိမ်နေကြသည်။


“ဘာမှကြိုတင်စုဆောင်း၊ သိုလှောင်ထားတယ်ဆိုတာ မရှိဘူး။ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊အမိုးအကာ၊ ကလေးတွေရဲ့ ပညာရေးအတွက် လိုအပ်တဲ့ပစ္စည်း စတာတွေကူညီပေးမယ့် အဖွဲ့အစည်း၊ အလှူရှင်တွေ အများကြီးလိုအပ်နေဆဲဖြစ်ပါတယ်" ဟု အထက်ပါ စစ်ရှောင်က ဆက်ပြောသည်။


ဆွမ်ပီယာန်စစ်ရှောင်များမှာ စစ်ရှောင်ကာလ တစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီး၊ စားနပ်ရိက္ခာ၊ဆေးဝါးများ၊ ကလေးငယ်များ၏ ကျောင်းသုံးပစ္စည်းကိရိယာအပြင် အခြေခံလိုအပ်သည့် လူသုံးကုန်ပစ္စည်းများ အကူအညီလိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။


ဆွမ်ပီယာန်ဒေသခံများ တိမ်းရှောင်နေသည့် ဖုန်ငိုင်ယာန်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်လူဦးရေ (၂၀၀၀)ကျော် စုပေါင်းနေထိုင်ကြပြီး၊ လက်ရှိစစ်ရှောင်များမှာ တစ်နိုင်တစ်ပိုင် တောင်ယာ၊စပါးခင်းများ လုပ်ကိုင်နေကြကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page