top of page

ဆွမ်ပရာဘွမ်စစ်ရှောင်များ နေရပ်သို့ ပြန်လာနေထိုင်ကြပြီ

  • Writer: Pajau Media
    Pajau Media
  • Jun 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။



ree

မတ်လကတည်းက ၃လကြာ တောထဲတွင် စစ်ဘေးရှောင်နေကြသည့် ဆွမ်ပရာဘွမ်ဒေသခံများမှာ မိမိနေရပ်ရင်းသို့ ပြန်လည်အခြေချ နေထိုင်နေပြီဖြစ်ကြောင်း စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


“ကိုယ့်နေရပ်ရင်းကို ပြန်လာနေထိုင်တာက နှစ်ရက်လောက် ရှိပြီ။ ပစ္စည်းတွေနဲ့ အိမ်သန့်ရှင်းရေးတွေလုပ်ပြီး တစ်ချို့က နေထိုင်နေနှင့်ပြီး တစ်ချို့က လက်စသတ်နေတုန်းပဲ။ လုံခြုံရေးအတွက် စိုးရိမ်တာတော့ ရှိတယ်။ ဒါပေမယ့် မိုးရာသီမှာ တောတောင်ကြားထဲ နေထိုင်တာက ပိုမိုခက်ခဲလာမှာကို စိုးရိမ်တာကြောင့် ပြန်လာကြတာပါ” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။


စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့ကတည်းက မိမိနေရပ်ရင်းသို့ ပြန်လာနေထိုင်ရန် ပြင်ဆင်နေကြပြီဟု ဆိုသည်။



ree

စစ်ရှောင်တစ်ဦးမှလည်း ယခင်က KIO အစိုးရမှ ညွန်ကြားချက်ရမှသာလျှင် နေရပ်ရင်းသို့ ပြန်လာနေထိုင်ရန် စီစဉ်ထားသော်လည်း မိုးရာသီကာလဖြစ်သောကြောင့် ပြန်လာနေထိုင်ရန် ဆုံးဖြတ်လာပုံကို ထပ်မံပြောခဲ့သည်။


“ဒေသအခြေအနေက အရမ်းငြိမ်းချမ်းတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ သက်ဆိုင်ရာ အစိုးရကလည်း လုံခြုံပြီ၊ ပြန်လို့ရပြီလို့တော့ မပြောပါဘူး။ ဒါပေမယ့် သတိထား စောင့်ကြည့်ပြီး နေထိုင်ရအောင်လို့တော့ ညွန်ကြားလာတယ်။ တောထဲမှာ ကလေးတွေအတွက် ကျောင်းဖွင့်မယ့် အစီအစဉ်လည်း ခက်ခဲတာတွေ အများကြီးရှိနေတာဆိုတော့ ကိုယ့်နေရပ်ရင်းမှာပဲ စောင့်ကြည့်ပြီး ကျောင်းကိုလည်း ရွာမှာပဲ ပြန်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။”


ဆွမ်ပရာဘွမ်ဒေသတွင် စာသင်ကျောင်းများကို သူငယ်တန်းမှ ၁၂တန်းအထိ ဖွင့်လှစ်သင်ကြားနိုင်အောင် KIO ပညာရေးဌာနချုပ်မှ စီစဉ်ဆောင်ရွက်နေသည်သာမက လာမည့်အပတ်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထပ်မံသိရသည်။


ဆွမ်ပရာဘွမ်စစ်ဘေးရှောင်များမှာ ၃လကြာစစ်ဘေးရှောင်ပြီးနောက် ခက်ခက်ခဲခဲ နေထိုင်နေရပြီး၊ ကျောင်းနေမည့် ကလေးငယ်များအတွက် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်သည့်အပြင် မိုးရာသီအချိန် မိမိနေအိမ်အတွင်း နေထိုင်လျက် စောင့်ကြည့်နေထိုင်ရန် သက်ဆိုင်ရာ KIO အစိုးရမှလည်း ညွန်ကြားလာသောကြောင့် ဖြစ်သည်ဟု ပြောသည်။


ဆွမ်ပရာဘွမ်ဒေသခံများမှာ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ ညနေပိုင်းအချိန်ကတည်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရခြင်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page