top of page

ဆွမ်ပရာဘွမ်မြို့နယ် စစ်ရှောင်ပြည်သူများ အခြေခံကုန်ပစ္စည်းနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 28, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ree

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ပြည်သူလူဦးရေ တစ်ထောင်ကျော်သည် နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တစ်လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သောကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်း အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။


“အခုရက်ပိုင်းတွေမှပဲ မိုးတွေကလည်း ခပ်စိပ်စိပ်ရွာနေတော့ စစ်ရှောင်မိသားစုတွေ တောထဲမှာ အရမ်းအခက်တွေ့နေကြပြီ။ အဝတ်အစား၊ မိုးကာတွေကအစ‌ ဆေးဝါး၊ ရိက္ခာ‌တွေ အရမ်းလိုအပ်နေပြီ။ အိမ်ပြန်လို့လဲမရဘူး၊ မြစ်ကြီးနားမြို့ဘက်လည်း လမ်းပိတ်ထားတော့ ရိက္ခာရဖို့တောင် မလွယ်ဘူး" ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပါဂျောင်မီဒီယာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။


ဆက်လက်ပြီး "ဆွမ်ဘရာဘွမ်မြို့ထဲမှာတော့ နေ့တိုင်းပစ်နေကြတယ်၊ လေကြောင်းပစ်ကူတာ‌လည်း နေ့‌တိုင်းတစ်နေကုန်ပဲ။ အဲ့ဒါကြောင့်ရိက္ခာတွေ၊ ဆန်တွေသွားယူလို့လဲမရဘူး၊ မြစ်ကြီးနားဖက်ကလဲ ဆန်တွေမသယ်ခိုင်းပြန်ဘူးလေ။ ဒီအတိုင်းသာ ကြာလာရင်တော့ ရိက္ခာပြတ်ပြီးမှ အားလုံးဒုက္ခရောက်မှာ သေချာနေတယ်"ဟု ထပ်မံပြောသည်။


ree

လက်ရှိဆွမ်ပရာဘွမ့်ဒေသတွင် နှစ်ဖက်တပ်ဖွဲ့များ၏ ထိတွေ့တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားနေသည့်အပြင် လေကြောင်းမှလည်း နေ့တိုင်းပျံဝဲကာ ပစ်ကူနေခဲ့သောကြောင့် စစ်ရှောင်များ၏ စားနပ်ရိက္ခာအတွက် ပြတ်လတ်ကာ ခက်ခဲနေကြခြင်း ဖြစ်သည်။


ထို့အပြင် မတ်လ လလယ်လောက်မှစ၍ မိုးများဆက်တိုက်ရွာသွန်းနေသောကြောင့် စစ်ရှောင်ပြည်သူများ ဖျားနာခြင်းနှင့် နေရာထိုင်ခင်း ခက်ခဲခြင်းများ နေ့စဉ်များပြားလာကာ ဆေးဝါးခက်ခဲမှုလည်း နေ့စဉ်ကြုံတွေ့နေရသည်ဟု ဆိုသည်။


ဆွမ်ပရာဘွမ်မြို့နယ်ရှိ ပြည်သူလူဦးရေ တစ်ထောင်ကျော်သည် ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ဆွမ်ပရာဘွမ်မြို့မှ ခဂရန်းယာန်ဘက်ခြမ်း တစ်နေရာနှင့် ဆူယာန်ဘက်ခြမ်းသို့ နှစ်နေရာခွဲကာ တောခို၊ စစ်ရှောင်နေကြရသည်ဟု ဆိုသည်။


ပြီးခဲ့သည့် မတ်လ၇ရက်နေ့မှစ၍ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့၏ စခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်ရှိချိန်ထိ မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။


သတင်း- မလိခူး

Comments


Pajau Media

Thanks for subscribing!

bottom of page