top of page

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စပါး၊ သီးနှံများ ကြွက်ဘေးဖျက်ဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • Aug 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ သြဂုတ်လ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုကားလမ်းတစ်လျှောက်ရှိ လယ်ယာ၊တောင်ယာများတွင် ကြွက်ဘေးကျရောက်ကာ ဒေသခံတွေ စိုက်ထားသော စပါးနှင့် သီးနှံများ ရိတ်သိမ်းဖို့ပါ မကျန်အောင် အကုန်စားသောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။


“အင်ရှားယန်၊ ခင်ဒူယန်က တောင်ယာတွေက ကြွက်ဘေးရောက်လို့ စိုက်ထားတဲ့စပါးတွေ အကုန်ဖျက်ဆီးလိုက်တာ၊ ခုချိန်က ဆန်စေ့တောင်မဖြစ်သေးဘူး။ မနှစ်ကတည်းက အဲ့နေရာတွင်မှာ ဝါးပင်တွေ ဝါးသီးတွေသီးတယ်၊ ဝါးပင်တွေသေတယ်၊ ဒီနှစ်ကကြွက်ရောက်ပြီလေ။” ဟု အထက်ပါဒေသခံက ပြောသည်။


ကြွက်ဘေးမှာ ဇူလိုင်လကုန်ပိုင်းကတည်းက ရောက်ရှိလာတာဖြစ်ပြီး၊ စပါးခင်းနှင့် စိုက်ထားသော ကောက်ပဲသီးနှံများပါမကျန် အကုန်ဖျက်ဆီးခဲ့သောကြောင့် ယာခင်းတစ်ခုလုံး ပြောင်သလင်း ဖြစ်နေသည်ဟု ဆိုသည်။


ယခုကဲ့သို့ စစ်ရေးပြင်းထန်ပြီး နိုင်ငံရေးမကောင်းသည့်အပြင် ဆန်ဈေးများပါ အဆမတန်မြင့်တက်နေချိန် ကြွက်ဘေးကျရောက်လာသောကြောင့် ဒေသခံတောင်သူများမှာ စားဝတ်နေရေးအတွက် အလွန်စိုးရိမ်နေရကြောင်း သိရသည်။


“ခုလိုနိုင်ငံရေးအခြေအနေကမကောင်း ဆန်ဈေးကတက် နေတဲ့အချိန် ကြွက်ဘေးရောက်တယ်ဆိုတော့ အတော်လေစိုးရိမ်မိတယ်၊ ဘယ်လိုများဖြတ်ကျော်မလဲပေါ့။” ဟု သူကဆက်ပြောသည်။


ကြွက်ဘေးကျရောက်သည့် နေရာများမှာ ပူတာအို-မြစ်ကြီးနားကားလမ်းနှင့် မလိခမြစ်ကြောင်းတစ်လျှောက်ရှိ အခင်းများတွင်ဖြစ်ပြီး ဖုန်ငိုင်ယန်စစ်ရှောင်များ လုပ်ကိုင်နေကြသော သီးနှံစိုက်ခင်းများလည်း အကုန်စားသောက်ဖျက်ဆီးခံရကြောင်း သိရသည်။


ဒေသခံများ ပြောဆိုချက်အရ ဆွမ်ပရာဘွမ်မြို့နယ်နှင့် အချို့နေရာများမှာ ယခင်နှစ်များတွင်လည်း ကြွက်ဘေးရှိခဲ့သော်လည်း ယခုနှစ်မှာ ပိုမိုဆိုးရွားကာ ရိတ်သိမ်းရန်မကျန်သည့်အထိ ဖြစ်နေကြောင်း၊ ကြွက်ဘေးအပြင် အခြားသီးနှံဖျက် ပိုးများစွာလည်း တွေ့ရကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page