ဆဒုံးဒေသ လေကြောင်းပစ်ခတ်ခံရပြီး ပြည်သူ ၈ဦး သေဆုံး
- Pajau Media

- Sep 30, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဝိုင်းမော်- ကန်ပိုင်တီသွားလမ်းပေါ်ရှိ ဆဒုံးမြို့ကို ယမန်နေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းအချိန်တွင် စစ်တပ်မှ လေကြောင်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များထိခိုက်ပျက်ဆီးခဲ့သည့်အပြင် ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၈ယောက် သေဆုံးခဲ့ကြောင်း ဆဒုံးဒေသခံများပြောပြချက်အရ သိရသည်။
" ဆဒုံစျေးအလည်မှာ လာကျတော့ ပြည်သူတွေလည်း ထိခိုက်သေဆုံးတာများသလို နေအိမ်တွေလည်း တော်တော်များများပျက်ဆီးခဲ့တယ်" ဟု ဆဒုံးဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် ဆဒုံးဒေသတွင် ဗုံးကြဲခဲ့ပြီးနောက် ဝါးရှောင်အထက် မန်ဝန်းဒေသတွင်လည်း လာရောက်ဗုံးကြဲခဲ့ကြောင်း မန်ဝန်းဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
"ဆဒုံးဘက်ကို ဗုံးကြဲခဲ့ပြီးနောက် ဒီမန်ဝန်းဘက်ကို ပြန်လာကြဲတာ မြို့လည်ထဲတော့မကျဘူး မန်ဝန်းတောင်ခြေဘက်မှာလာကျတော့ လူတွေထိခိုက်တာတော့မရှိဘူး" ဟု မန်ဝန်းဒေသခံတစ်ဦးပြေသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIOက ၂၀၂၄ ဇွန်လကတည်းက တိုက်ခိုက်သိမ်းပိုက်ထားသည့် ဆဒုံးမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များက ဆဒုံးဒေသဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် ဝိုင်းမော်-လမြန်တိုက်ပွဲတွင်လည်း မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်း၊ ဒရုန်းနှင့် လက်နတ်ကြီးတို့ဖြင့် နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
သတင်း - ဖရိန်း










Comments