ဇူလိုင်တစ်လတာအတွင်း KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲ(၂၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
- Pajau Media

- Aug 22, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ ဩဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ်တွင် ၂၀၂၅ခုနှစ် ဇူလိုင်လ တစ်လတာအတွင်း ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း (၂၀)ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉ခုအထိ ဖြစ်ပွားခဲ့သည်ဟု BNI-Myanmar Peace Monitorက ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားမှုပေါင်း (၂၀)ကြိမ်အထိမှာ ဗန်းမော်ဒေသ၊ ဖားကန့်ဒေသ၊ မိုးညှင်းဒေသနှင့် ဝိုင်းမော်ဒေသတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့် တိုက်ပွဲဖြစ်ပွားမှုမှာ (၁၃၀)ကြိမ် ရှိခဲ့ပြီး၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၉၇)ခု၊ ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်မှာ (၃၇,၀၀၀)၊ အရပ်သားသေဆုံးမှု(၂၉၇)ဦးနှင့် အရပ်သားဒဏ်ရာရရှိမှုမှာ (၄၁၇)ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီး ဗန်းမော်ဒေသတွင် နှစ်ဖက်စစ်တပ်များ၏ ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး၊ ဗန်းမော်မြို့၏ နေရာအများစုကိုတော့ ကချင်လွတ်မြောက်ရေး KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်။
သို့သော် စကခ(၂၁)၊ ဗန်းမော်တက္ကသိုလ်ကျောင်း၊ မြို့တွင်းနေရာနှင့် စုပေါင်းရုံး၊ ဝင်းလိုက်ဟိုတယ်ဝန်းကျင်နှင့် မြစ်ဆုံဟိုတယ် နေရာများမှာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
ဆက်လက်ပြင်းထန်နေသည့် တိုက်ပွဲအတွင်း စစ်တပ်က လေယာဉ်၊ ဒရုန်းဗုံး၊ ခေတ်မီစက်သေနတ်များဖြင့် နေ့စဉ် နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်သလို KIAတပ်ဖွဲ့လည်း ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။
ထို့အပြင် ဖားကန့်ဒေသမှာတော့ ကားမိုင်း – နန့်ယား-ဖားကန့်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လမ်းကြောင်းတစ်လျှောက် နေရာယူထားပြီး ခရီးသွားလာသည့် ပြည်သူများကို စစ်ဆေးတင်းကြပ်ထားကြောင်း မအူပင်အထက် ကျောက်ထု၊ နန့်ယား၊ နန့်တိန့်၊ ယမ်းချက်စက်ရုံ၊ လယ်ပြင်ဂိတ် စသည့် နေရာများတွင် အမည်၊ ကားနံပါတ်နှင့် မှတ်ပုံတင်ကဒ်ပြားများ အဆင့်ဆင့် စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments