တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ဆဒုံးဘက် စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်
- Pajau Media

- Nov 19
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ် ဝိုင်းမော်၊ ကန်ပိုင်တီ လမ်းပေါ်ရှိ ဆဒုံးမြို့ကို စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ ကြောင်းသိရပါသည်။
နိုဝင်ဘာ ၁၆ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ Y-12 လေယာဥ်ဖြင့် ဗုံး ၂ လုံး လာကြဲသွားတာဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုသည် လမ်းမကြီးတစ်ခုရဲ့ တစ်ဖက်ကမ်းကို ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အရပ်သားပြည်သူနှင့် နေအိမ်ထိခိုက်ပျက်စီးတာတော့ မရှိကြောင်းသိရသည်။
ဆဒုံးမြို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိ ပဲ အခုလို ဝေဟင်တိုက်ခိုက်မှု လုပ်တာဟာ စစ်ကော်မရှင်က အာဏာသိမ်းမှုကို ဆန့်ကျင်သူမှန်သမျှကို ရန်သူသဖွယ် တိုက်ခိုက်နေသည့်အပြင် ကေအိုင်အေသိမ်ပိုက်ထားသည့် မြို့ ဒေသတွေကို ပြန်လည်ရယူမသိမ်းပိုက်နိုင်ပါက ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်ကြောင်းနှင့် လွတ်မြောက်နယ်မြေအတွင်းမှာ နေထိုင်သည့် ပြည်သူများ လေကြောင်းတိုက်ခိုက်မှုရန်ကိုအထူးသတိပြုရန် လိုအပ်ကြောင်း ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံမှ ပြောဆိုထားပါသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ဆဒုံးမြို့ကို ရုတ်တရက် လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူများ ထိတ်လန့်နေကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်က ဆဒုံးမြို့တွင်းမှ စျေးတန်း မှာ လေယာဥ်ဗုံးလာကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး အပါ ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သတင်း - ပီလာမ့်အူ



Comments