တိုက်ပွဲဖြစ်ပွားသည့် ပူတာအိုအရှေ့ခြမ်းဒေသ သွားလမ်းများ ပိတ်ပင်ထား
- Pajau Media

- Oct 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

စစ်ကောင်စီက ကချင်ပြည်နယ် နေရာအနှံ့ စစ်အင်အားဖြည့်တင်း စစ်ကြောင်းထိုး လှုပ်ရှားလာရာ ပူတာအို အရှေ့ဘက် ထန်ဂါးဒေသဘက်ကိုလည်း ထိတွေ့တိုက်ပွဲ ပြင်းထန်လာသောကြောင့် လမ်းသွားလမ်းလာလမ်းများ ပိတ်ပင်ထားကြောင်း သိရသည်။
“အောက်တိုဘာ ၁၂ရက်နေ့က ထန်ဂါးအကျော်မှာ တိုက်ပွဲဖြစ်တယ်။ နေရာတိုင်းမှာ စစ်ရေးလှုပ်ရှားလာတာ၊ အဲ့ကြောင့် လမ်းတွေပိတ်ထားတာ။ အခု တစ်ချို့က တောင်ယာစပါးရိတ်သိမ်းပြီးသူလဲ ရှိတယ်။ ဒါပေမယ့် ကြွက်ဘေးကြောင့် သိပ်မရပေမယ့် စပါးသယ်ယူရမဲ့ချိန်လဲဖြစ်၊ တစ်ချို့က ကျောက် ဂျပိုးရှာထွက်မဲ့သူလေးရှိတော့ အခုလမ်းပိတ်လိုက်တော့ အကုန်ပိတ်မိနေသလို ဖြစ်နေတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခင်က အဆိုပါပူတာအိုအရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားကာ စစ်ရေးတင်းမာလာသောကြောင့် ယခုကဲ့သို့ သွားလမ်းများ ပိတ်ပင်သဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြကြောင်း သိရသည်။
“ထန်ဂါးရွာကနေ မသွားခိုင်းတော့ဘူး။ ဒေသခံတွေကိုဆို တောင်ယာတောင် မသွားခိုင်းတော့ဘူး။ အချိန်ကြာလာရင် ခက်ခဲလာလိမ့်မယ်။ သွားလာရေးအတွက် အဲ့ဒီလမ်းတစ်ခုထဲ ရှိတာဟုတ်တယ်။ ရှောက်ကောခြံသွားတာလဲ အဲ့ဒီလမ်းပဲ။ အခုက ဘယ်ကိုမှ သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်။” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
ထန်ဂါးကျေးရွာတွင် လက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေပြီး၊ ထန်ဂါးကျေးရွာအကျော် ရေတံခွန်ဝန်းကျင်အနီး ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံများအတွက် ထန်ဂါးလမ်းမှာ မချမ်းဘော့မြို့နှင့် ပူတာအိုမြို့ အဓိကသွားလာသည့် လမ်းဖြစ်သည့်အပြင် ကလေးငယ်များ ကျောင်းကြိုပို့ခြင်း၊ အစားအသောက် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ကြသည့် လမ်းဖြစ်သောကြောင့် ယခုကဲ့သို့ လမ်းပိတ်ပင်လိုက်သောကြောင့် အဖက်ဖက်မှ ခက်ခဲနေရကြောင်း သိရသည်။
ပူတာအိုအရှေ့ဒေသပိုင်းတွင် ဒိန်ခက်၊ ဒိန်ဂါ၊ မရောတ်၊ မပြုံး၊ ဒိန်ဆာ စသည့် ကျေးရွာများဖြစ်ကြပြီး၊ တောင်ယာအပြင် ရှောက်ကောလုပ်ကိုင်စားသောက်ကြရာ အဓိကမိန်လမ်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ



Comments