တောင်သူများ ကောက်ရိတ်စရာ မကျန်သည်ထိ ကြွက်ဘေးဆိုးရွားနေ
- Pajau Media

- Sep 10, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ကြွက်ဘေးကျရောက်သောကြောင့် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်ဒေသအပြင် ပူတာအို-မချန်းဘော့ဒေသရှိ တောင်သူ၊ လယ်သမားများ ကောက်ရိတ်ရန်မရှိအောင် ဖျက်ဆီးခံနေရကြောင်း သိရသည်။
“ကြွက်ဘေးက အရန်းဆိုးနေတယ်။ အရင်ထက် ပိုဆိုးတယ်။ မချန်းဘော့တောင်သူတွေက ကြွက်ဘေးအရန်းဆိုးလို့ ရစရာမရှိလို့ ပစ်ထားကြတယ်။ ဒီနှစ်က ပူတာအိုဒေသ အစားအသောက် ဆန်၊စပါး ခက်ခဲလိမ့်မယ်။” ဟု တောင်သူတစ်ဦးက ပြောသည်။
တောင်ပေါ်ဒေသဖြစ်သောကြောင့် ဝမ်းစာအတွက် ရှာဖွေစားသောက်ရခက်ခဲပြီး၊ ပူတာအိုဒေသခံများမှာ တောင်ယာလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်စားသောက်ကြကြောင်းနှင့် ကြွက်ဘေးမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားကာ စပါးပင်များ ရွက်ဝါခြောက်ကပ်ပြီး သေဆုံးသွားကြောင်း သိရသည်။
ဒေသခံများမှာ ကြွက်ဘေးရန်အတွက် ကြွက်များကို ရိုက်သတ်ရုံအပြင် အခြားနည်းလမ်းမသိရှိသောကြောင့် ကြွက်ဘေးကာကွယ်ရေးနှင့် အသိပညာပေးခြင်း စသည့် ပညာပေးရေး များစွာလိုအပ်နေကြောင်း ပြောသည်။
လက်ရှိ ကြွက်ဘေးအဆိုးဆုံး ကြုံတွေ့နေရသည့် ဒေသများမှာ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယာန်၊ ပူတာအိုနှင့် မချန်းဘော့ စသည့် ဒေသများမှ တောင်ယာလုပ်ငန်းနီးပါးတိုင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။
ပူတာအိုဒေသတွင် ပြီးခဲ့သည့် ၁၉၇၇ခုနှစ်မှ ၁၉၉၉ခုနှစ်နှင့် ၂၀၀၀ခုနှစ်များအထိ ကြွက်ဘေးကျရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments