တော်လှန်ရေးကာလ ၄နှစ်တာအတွင်း စစ်ကော်မရှင် လေယာဉ်(၂၀)စီးကို ပစ်ချနိုင်ခဲ့ကြောင်း NUGထုတ်ပြန်
- Pajau Media

- Sep 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

စစ်ကော်မရှင်အာဏာသိမ်းကာလ (၄)နှစ်တာအတွင်း စစ်အုပ်စု၏ စစ်လေယာဉ်(၁၀)စီးနှင့် ရဟတ်ယာဉ်(၁၀)စီးကို တော်လှန်ရေးတပ်ဖွဲ့များမှ ပျက်စီး၊ ပစ်ချနိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(NUG)က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်က ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မေ ၃ရက်နေ့တွင် စစ်အုပ်စု၏ Mi-35p Helicopter (၆၈၁၅)ကို မိုးမောက်မြို့နယ်တွင် ပစ်ချခဲ့ပြီး၊ ၂၀၂၄ခုနှစ် ဇန္နဝါရီ ၃ရက်နေ့က Mi-17 Helicopter ကို ဝိုင်းမော်မြို့နယ်တွင် ပစ်ချနိုင်ခဲ့သည်။ ထို့အပြင် ၂၀၂၅ခုနှစ် မေ၂၀ရက်နေ့တွင်လည်း Mi-17 Helicopter နောက်ထပ်တစ်စီးကို ရွှေကူမြို့နယ်တွင် ပစ်ချနိုင်ခဲ့ပြီး ရွှေကူမြို့နယ်ထဲ မေ၂၁ရက်နေ့တွင်လည်း ထပ်မံတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်အပြင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပုလဲမြို့နယ်၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ပလက်ဝမြို့နယ်၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ သံတောင်မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် စသည့် ဒေသအသီးသီးများတွင်လည်း စစ်အုပ်စု၏ လေယာဉ်များကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ကော်မရှင်က လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်သည့် နေရာဒေသအပြင် တိုက်ပွဲမရှိသည့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးနှင့် လေကြောင်းများမှ ရမ်းသမ်းပစ်ခတ်မှုများမှာ ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်သည်။
သတင်း - ထုဆိုင်း
Photo credit to Owner




Comments