တစ်ပတ်အတွင်း ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသအတွင်း ထိတွေ့တိုက်ပွဲ (၃၁)ကြိမ် ဖြစ်ပွား
- Pajau Media

- Oct 1, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲ နေ့စဉ်ပိုမိုပြင်းထန်လာသလို ပြီးခဲ့သည့် တစ်ပတ်အတွင်း ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတို့တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ (၃၁)ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗန်းမော်ဒေသတွင်း လေယာဉ်ဗုံး ပြင်းပြင်းထန်ထန် လာရောက်ပစ်ခတ်ခဲ့သလို တစ်ပတ်အတွင်း လေယာဉ်ဗုံး(၁၀၁)ကြိမ်၊ ဒရုန်းဗုံး(၄၁)ကြိမ်နှင့် လက်နက်ကြီးဖြင့် (၃၄၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ကျဆုံးမှု များပြားသလို KIAပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း အသက်သေဆုံးခဲ့ရသည့် စစ်သားများနှင့် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြင်များမှ သိရသည်။
ဝိုင်းမော်-လမြန်ဒေသဘက်တွင်လည်း စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး၊ အပြန်အလှန်စစ်ရေးတင်းမာမှုများလည်း ရှိနေဆဲဖြစ်သည်။ ခတ်ချိူ၊ ဒါ့ဂျန်ဘက်ကိုလည်း KIAတပ်ဖွဲ့များ နေရာယူထားသည့် ဒေသများသို့ စစ်တပ်က ထိုးစစ်ဆင်ချီတက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ ဖားကန့်ဒေသဘက်ကိုလည်း နေ့စဉ်နီးပါး စစ်ရေးတင်းမာနေကြဆဲ ဖြစ်သလို KIOဌာနချုပ်ဒေသထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးလာရောက်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ၂၉ရက်နေ့တွင်လည်း ဆဒုံးဒေသကို လာရောက်ပစ်ချခဲ့သည့် လေယာဉ်ဗုံးကြောင့် အသက်သေဆုံးခဲ့ရသူ စုစုပေါင်း (၁၁)ဦးအထိ ရှိလာပြီဖြစ်ပြီး၊ (၆)ဦးမှာ ကုသမှုခံယူနေရသည်။
သတင်း - ပီလမ့်အူ










Comments