top of page

တနိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲအတွက် လက်လွှတ်လိုက်သည့် နယ်မြေ ပြန်လည်ရရှိရေး ထိုးစစ်အရှိန်မြင့်တင် ဆောင်ရွက်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 21, 2025
  • 2 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



စစ်ကော်မရှင် အဖွဲ့ သည် လာမည့် ဒီဇင်ဘာလနှင့် ရှေ့နှစ် ဇန်နဝါရီလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ အပိုင်းလိုက် ခွဲကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲများအတွက် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော မြို့နယ်၊ မြို့ပေါ်နေရာများကို ရနိုင်သမျှ ပြန်လည်ရရှိရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြင့် ဆောင်ရွက် နေတာ တွေ့ရပါတယ်။


အခုလို လုပ်ဆောင်နိုင်မှသာ ပြန်လည်ရရှိခဲ့သော မြို့များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းစဉ်များကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စစ်ကော်မရှင်က ‌ရွေးကောက်ပွဲ ဖြစ်မြောက်မှု မရှိစေရေး အဖက်ဖက်ကနေပွဲဖျက်ဖို့ ကြိုးစားသည့် အနှောက်အယှက်နှင့် တော်လှန်ရေး အင်အားစု များ၏ ထိုးစစ်ကို ရင်ဆိုင်ရလျှင် ရွေးကောက် ပွဲ အစီအစဉ်တစ်ခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်သည့်အတွက် ထိုသို့ မရင်ဆိုင်ရမှီ စစ်ကော်မရှင်တပ်သည် တန်ပြန်ထိုးစစ်များကို ကြိုတင်ဖော်ဆောင်နေခြင်း ဖြစ် သည်။


ယခုအခါ ကချင်၊ ကယား၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် တန်ပြန်ထိုးစစ်များ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသလို မိုးဗြဲ၊ သပိတ်ကျင်းနှင့် နောင်ချိုမြို့များကို ပြန်လည်ရရှိခဲ့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။


ဇူလိုင်လ ၃၁ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များစာရင်းတွင် လက်ရှိစစ်ရေးပြင်းထန်နေသည့် ဖားကန့်နှင့် ဗန်းမော်မြို့များ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သိမ်းပိုက်ထားသော မန်စီနှင့် မိုးမောက်မြို့များကို ထည့်သွင်း ထားခြင်းမရှိပါ။


အာဏာသိမ်းစစ်ကော်မရှင်သည် ကချင်ပြည်နယ်အတွင်း ထို ၄ မြို့နယ်ကို ရွေးကောက်ပွဲမတိုင်မီ အချိန်မှီပြန်လည်ရရှိရန် လက်ရှိ ဖားကန့်၊ ဗန်းမော် ၊ ဝိုင်းမော်စသည့် ‌‌ဒေသတွေမှာ စစ်အင်အားဖြည့်တင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။


 မြေပြင်ထိုးစစ်အပြင် လေကြောင်းဗုံးကြဲမှု များ၊ ဒရုံးဗုံးကြဲတာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်တာတွေ လုပ်နေတာကြောင့် ဗန်းမော် မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကော်မရှင်က ပြန်လည် သိမ်းပိုက်တာတွေ ရှိနေပြီး၊ ဖားကန့်ဘက်မှာလည်း နေ့တိုင်းဆိုသလို ‌‌ဒေသခံများ သေဆုံး ဒဏ်ရာရတာတွေ နေ့စဥ်‌နေ့တိုင်းဖြစ်ပွားနေတာပါ။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်၊ ဆော့လော၊ အင်ဂျန်းယန်၊ မန်စီ၊ မိုးမောက်နှင့် ဖားကန့်စသည့် KIA ထိန်းချုပ်ထားသော ၆ မြို့နယ်တွင် လူဦးရေသန်းခေါင်စာရင်းကိုကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ ထိုအချိန်က လူဦးရေစာရင်း ကောက်ယူနိုင်ခဲ့သော ချီ​ဖွေမြို့နယ်သည်လည်း လက်ရှိမှာ KIA ထိန်းချုပ်မှုအောက် လုံးဝရောက်ရှိ​နေပြီ ဖြစ်ပါတယ်။


ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့နယ်မှာ စစ်တပ်နှင့် KIA အကြား တန်​​ပြန်ထိုးစစ် အရှိန်​မြင့်မားနေဆဲ​ဖြစ်​ပြီး မကြာသေးမီက ဗန်းမော်အမြောက်တပ်နှင့် လေယာဉ် ကွင်း၊ ခလရ ၂၃၇ နှင့်မြို့တွင်း နေရာတစ်ချို့ကို စစ်တပ်ပြန်လည်ရရှိ ခဲ့သည့်သတင်းများ ထွက်ပေါ်နေပေမဲ့ KIA ပြောရဲဆိုခွင့်ရှိသူ ဗှိုလ်မှူးကြီးနော်ဘူက ဗန်းမော်ဒေသ 80 ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဘက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ် ။


ထို့ကြောင့် ကချင်ပြည်နယ် ၁၈ မြို့နယ်တွင် ၉ မြို့နယ် သို့မဟုတ် ၅၀ ရာခိုင်နှုန်းသည် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ခြင်း သို့မဟုတ် မသေချာသော အခြေအနေကို စစ်ကော်မရှင်က ရင်ဆိုင်နေရသည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲမှတစ်ဆင့် ကချင်ပြည်နယ်လွှတ်တော်နှင့် အစိုးရဖွဲ့စည်းနိုင်ရေး မရေရာပါ။


ထိုအခြေအနေကို ပြောင်းလဲနိုင်ရန် မင်းအောင်လှိုင်သည် ဖားကန့်နှင့် ဗန်းမော်ကို ပြန်လည်ရရှိရေး အသဲအသန်ထိုးစစ်ဆင်နေ ခြင်း ဖြစ်သည်ဟု နိုင်ငံ​​​ရေး​လေ့လာသုံးသပ်သူ များက ပြောဆို ထားပါတယ်။


ကချင်ပြည်နယ်အပါအဝင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာများတွင်လည်း ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာထားသည်။

လာမည့်ဒီဇင်ဘာ (၂၈)တွင် ပြုလုပ်ကျင်းပသွားမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ပူတာအိုနှင့် မိုးညှင်းမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ထားပြီးဖြစ်သည်။


ထို့အပြင် ပြည်ပရောက်ရှိနေသူများ ကြိုတင်မဲပေးခြင်းကို လာမည့်လများအတွင်းလွှတ်တော်မဲဆန္ဒနယ် အသီးသီးတွင် မဲစာရင်းပါသည့် ပြည်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲ ပေးရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၅ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။


ပြည်ပရောက်ရှိနေသူများအနေဖြင့် ကြိုတင်မဲပေးရာတွင် ပုံစံ ၁၅ကိုဖြည့်သွင်းပြီး အောက်တိုဘာ ၁၂ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ပို့ရမည်ဖြစ်ကြောင်း၊ ထို့နောက် သက်ဆိုင်ရာ ကျောင်း၊ သင်တန်း၊ အချုပ်ခန်းနှင့် ဆေးရုံများတွင် နိုင်ဝင်ဘာ ၂၅ရက်မှ ၂၉ရက်နေ့အတွင်း ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။


စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် (၁၀၂)မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး၊ ရွေးကောက်ပွဲကိုတော့ အပိုင်း ၃ ပိုင်းခွဲကာ ပြုလုပ်သွားမည် ဖြစ်သည်။


သို့သော် တော်လှန်ရေးတပ်ဖွဲ့များမှာ စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှလည်း ပြည်သူများအနေဖြင့် မပါဝင် မပူးပေါင်းကြရန် တိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်။


ပီးလာမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page