တရုတ်နယ်စပ် အင်ဆောန်ချောင်းတွင် နေ့တစ်ရက်ထဲ အမျိုးသား(၃)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
- Pajau Media
- 23 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှ တရုတ်-မြန်မာ နယ်နိမိတ်ချင်း ထိစပ်နေသည့် အင်ဆောန်ချောင်းတွင် ပြီးခဲ့သည့် ဩဂုတ်၂၅ရက်နေ့ တစ်ရက်ထဲ၌ အမျိုးသား(၃)ဦး ရေနစ်သေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်မှ သိရသည်။
တရုတ်နယ်စပ်၊ ဖာလဲန်(Hpa Len)ကျေးရွာတွင် အမျိုးသားတစ်ဦး နွားမှောင်ခိုတင်ပို့နေစဉ် နယ်စပ်စောင့်တရုတ်ရဲများ လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးရင်း အင်ဆောန်ချောင်းတွင် ရေနှစ်သေဆုံးခဲ့ရကြောင်း သိရသည်။
“အင်ဆောန်ချောင်းဆိုတာက တရုတ်နယ်စပ်ချောင်းပေါ့။ အဲချောင်းမှာ နွားမှောင်ခိုပို့နေတဲ့အချိန် နယ်စပ်စောင့်တရုတ်ရဲတွေက တွေ့သွားလို ထွက်ပြေးတာကို ရေမကူးနိုင်ဘဲ ရေနစ်သေသွားတာ။ သူတစ်ယောက်ထဲတော့ မဟုတ်ဘူး။ သူ့အပေါင်းအပါတွေလဲ ပါပါတယ်။ အားလုံးက ကိုယ်လွှတ်ရုန်း ထွက်ပြေးကြတာပေါ့။” ဟု အထက်ပါဒေသခံက ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်၂၅ရက် ည ၁၀နာရီခွဲအချိန်တွင် မံစီဘက်မှ တင်ဆောင်လာသည့် နွားများကို နယ်စပ်ကျေးရွာဖြစ်သည့် ဖာလဲန်ကျေးရွာ အင်ဆောန်ချောင်းမှတစ်ဆင့် မှောင်ခိုတင်ပို့နေချိန် နယ်စပ်ရဲများ တွေ့ရှိသွားပြီး၊ လိုက်လံဖမ်းဆီးသဖြင့် ရေကူးထွက်ပြေးရာ မကူးနိုင်ဘဲ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်သည်။
ရေနစ်သေဆုံးသူမှာ မန်ဝိန်းစစ်ရှောင်စခန်းမှ ကလေး(၃)ဦးဖခင် အသက်(၃၄)နှစ်အရွယ်ရှိ ဦးနော်အောင်ဆိုသူဖြစ်ပြီး၊ သူ၏ ရုပ်အလောင်းမှာ ရေနစ်သေဆုံးပြီး တစ်ရက်အကြာ ၂၇ရက်နေ့မှ ပြန်လည်ရှာဖွေတွေ့ရှိကာ ၂၉ရက်နေ့တွင် မန်ဝိန်းစစ်ရှောင်စခန်း၌ ဝတ်ပြုဆုတောင်း သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်၂၅ရက်နေ့ တစ်ရက်ထဲ ည ၁၁နာရီအချိန်တွင် နွားမှောင်ခိုတင်ပို့နေသည့် နောက်ထပ် အမျိုးသားတစ်ဦးလည်း နယ်စပ်တရုတ်ရဲများ တွေ့ရှိကာ လိုက်လံဖမ်းဆီးသောကြောင့် အဆိုပါအင်ဆောန်ချောင်း၌ ခုန်ဆင်းထွက်ပြေးရာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသားမှာ အသက်(၁၈)နှစ်အရွယ် မောင်ဇိုင်းလတ်အောင်ဖြစ်ပြီး၊ ရုပ်အလောင်းမှာ ၂၉ရက်နေ့မှ တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။
နေ့တစ်ရက်ထဲ နေ့လယ်ပိုင်း ၃နာရီအချိန်တွင်လည်း နောက်ထပ်ရှမ်းအမျိုးသားတစ်ဦးက ငါးရှော့တိုက်ရင်း လှေမှောက်ကာ အင်ဆောန်ချောင်း၌ သေဆုံးခဲ့သေးကြောင်း သိရသည်။
အင်ဆောန်ချောင်းမှာ တရုတ်နှင့် မြန်မာနယ်စပ် ချောင်းတစ်ခုဖြစ်ပြီး၊ နွားမှောင်ခိုတင်ပို့ရောင်းချကြသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်ကာ၊ ရွှေလီမြစ်တွင် ပေါင်းဆုံသည့် မြစ်ချောင်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း
Comments