ထန်ဂါးရွာအနီး တိုက်ပွဲကြောင့် ပိတ်ပင်ထားသည့် ကားလမ်း ပိတ်ပင်ထားဆဲ
- Pajau Media

- Oct 21, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်မှ ၁၃ရက်နေ့အတွင်း မချမ်းဘော့ဒေသ ထန်ဂါးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရှေ့ခြမ်းဒေသ လမ်းသွားပိတ်ပင်ထားသည်မှာ လက်ရှိအချိန် ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။
လမ်းပိတ်ထားခြင်းနှင့် စပ်လျဉ်းပြီး ဒေသခံတစ်ဦးက “လမ်းပိတ်ထားတာ ၁၀ရက်နီးပါး ရှိလာပြီ။ သင်တန်းတစ်ခုတက်ပြီးလို့ ရွာပြန်ချင်ပေမယ့် အခုထိ လမ်းပိတ်ထားတုန်းမို့ မချမ်းဘော့မြို့မှာပဲ ပိတ်မိနေတယ်။ လမ်းဖွင့်ဖို့က ကြာအုံးမယ်လို့ ကြားတယ်။ တစ်ချို့က ကျောင်းသားသွားပို့ရင်း ပိတ်မိနေတာ၊ တစ်ချို့က ရွာကတောင်ယာလုပ်ငန်း အပြီးသတ်ဖို့ကို လမ်းပိတ်ထားလို့ ပြန်လို့မရ ဖြစ်နေတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပူတာအိုအရှေ့ခြမ်းဒေသ ပိတ်ပင်ထားသည့် လမ်းမှာ တစ်ကြောင်းထဲရှိသည့် လမ်းဖြစ်ပြီး၊ မချမ်းဘော့ဒေသက ဒေသခံများ ရှောက်ကောခြံ၊ တောင်ယာလုပ်ငန်းနှင့် ရွှေကျင်လုပ်သားများ အဓိကသွားလာကြသည့် လမ်းတစ်ခုဖြစ်သည့်အပြင် တောင်ပေါ်ဒေသအတွက် အစားအသောက်များ သယ်ယူပို့ဆောင်ရေးအတွက် တစ်ခုတည်းသော လမ်းလည်းဖြစ်သောကြောင့် ဒေသခံများ ခက်ခဲနေကြကြောင်း သိရသည်။
အဆိုပါဒေသတွင် ယခင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ပေမယ့် စစ်ကောင်စီက ထန်ဂါးကျေးရွာအနီးထိ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားကာ နေရာယူတပ်စွဲလာသောကြောင့် တိုက်ပွဲများဖြစ်ပွားလာပြီး၊ ယခုကဲ့သို့ လမ်းပိတ်ပင်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။
ပူတာအိုအရှေ့ခြမ်းဒေသတွင် ဒိန်ချက်၊ မရောတ်ဂါး၊ ဒိန်ဂါဂါး၊ ဒိန်ဆာဂါး၊ မပြုံးဂါးနှင့် မကျန်းဂါးကျေးရွာ စသည့်ကျေးရွာများ ဆက်သွယ်ထားပြီး၊ ယင်းဒေသတွင် စစ်ရေးတင်းမာလာနိုင်ခြေရှိသာကြောင့် ဒေသခံများ သတိထားနေရကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments