ဒီဇင်ဘာလတွင်း လေယာဉ်ကြောင့် ပြည်သူ(၂၀၀)ကျော် သေဆုံးခဲ့ရ
- Pajau Media

- Jan 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ဇန္နဝါရီ၊၂၀၂၆။
စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်(၅၅၀)ကျော် ရှိခဲ့ပြီး၊ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၂၆၂)ကြိမ်ထိ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ လေယာဉ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူပေါင်း (၁၉၈)ဦး အသက်သေဆုံးခဲ့ရပြီး၊ ပြည်သူ(၃၇၅)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး လေယာဉ်တိုက်ခိုက်မှုမှာ (၂၆၀)ကျော်ရှိခဲ့ပြီး၊ အပြင်းထန်ဆုံးမှာ စစ်ကိုင်းဒေသဖြစ်ကာ (၇၉)ကြိမ်ထိ ရှိခဲ့ကြောင်း၊ ပြည်သူပေါင်း (၈၁)ဦး သေဆုံးမှုရှိခဲ့တယ့်အနက် ကလေးငယ် (၆)ဦး ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း ကလေးငယ်(၅)ဦး အပါအဝင် အားလုံးပေါင်း (၅၄)ဦး သေဆုံးခဲ့ရကြောင်း၊ နေအိမ်များ၊ စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူများအား လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေနှင့်တကွ မှတ်တမ်းယူထားပြီး စစ်ကောင်စီကို အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လေယာဉ်ဗုံးကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံ(၂၁)၊ ခရစ်ယာန်အဆောက်အအုံ(၃)၊ စာသင်ကျောင်း (၁၅)၊ ပြည်သူနေအိမ်(၃၁၇)နှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ(၄)ခု တို့ ပျက်စီးသွားခဲ့သည်။
ထို့အပြင် အုပ်စုလိုက်သေဆုံးမှုများ၊ ထိခိုက်ပျက်စီးမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည့်အပြင် ယခုနှစ်သစ်တွင်လည်း တစ်နိုင်ငံလုံး လေယာဉ်ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ထိခိုက်သေဆုံးသူ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments