top of page

ဒုတိယအကြိမ် ထွက်ပြေးတိမ်းရှောင်ကြရသည့် တစ်ကျော့ပြန် စစ်ရှောင်များ စားနပ်ရိက္ခာ အကူ အညီ လိုအပ်

  • Writer: Pajau Media
    Pajau Media
  • Jan 19, 2024
  • 1 min read

Updated: Jan 19, 2024

ပါဂျောင်မီဒီယာ



ree

ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဝိုင်း‌မော်မြို့ရှိ တစ်ကျော့ပြန် စစ်ရှောင်များသည် မူလစစ်ရှောင်စခန်းအတွင်း ဧည့်စာရင်းတိုင်၍ ခိုလှုံနေထိုင်ကြရပြီး အခြေခံစားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိနေကြောင်း စစ်ရှောင်များထံမှ သိရသည်။


နေရပ်ပြန်စာရင်းပေးသွင်းပြီးနောက် မူလစစ်ရှောင်စခန်းမှ လက်မှတ်ထိုးပြီး ထွက်ခွာပြီး ဖြစ်သောကြောင့် ယခုကဲ့သို့ တစ်ကျော့ပြန် စစ်ရှောင်များအတွက် စခန်းမှ စာရင်းထုတ်ပြီး ဖြစ်သဖြင့် ပြန်လည်ဝင်ရောက်၍ မရနိုင်ခြင်း ဖြစ်ကြောင်း မိုင်းနား RC စခန်းတာဝန်ခံမှ ပြောသည်။


“အခုချိန်ထိ တစ်ကျော့ပြန်စစ်ရှောင် တွေကို ဧည့်စားရင်း တိုင်ပြီး နေခွင့်ပေးထားတယ် ဒီကာလက ကလေးတွေရဲ့ ပညာသင်နှစ်ကုန် ဖေဖော်ဝါရီလအထိပဲ၊ မတ်လကနေစပြီးတော့ နေရပ်ပြန် တွေအကုန်ုလုံး စခန်းကနေ အပြီးထွက်ရမယ်၊ ထွက်ပြီးမှ ကနေဦး ၂၀၁၁ကာလက လက်ခံခဲ့တဲ့ ဝိုင်းမော် ဘုရားကျောင်းတွေမှာ စာရင်းအသစ် ပြန်လက်ခံမယ်”


ree

တစ်ကျော့ပြန် စစ်ရှောင်များသည် မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် စစ်ရေးအခြေအနေကြောင့် အခက်အခဲရှိနေပြီး၊ မူလနေထိုင်ခဲ့သည့် စစ်ရှောင်စခန်း တာဝန်ခံများထံ ဧည့်စာရင်းတိုင် ခိုလှုံနေကြရခြင်း ဖြစ်သည့်အပြင်၊ အချို့စစ်ရှောင်များမှာ နီးစပ်သောဆွေမျိုးအိမ်များတွင် ခိုလှုံနေကြရသည်ဟု ဆိုသည်။


“နေရပ်ပြန်ဖို့ စစ်ရှောင်စခန်းကနေ ထွက်ခွာလက်မှတ်ထိုးပြီး ထွက်ထားတော့ အခုပြန်ဝင်လို့ မရတော့ဘူး နေထိုင်ဖို့အတွက် အမျိုးအိမ်မှာ အကူအညီတောင်းပြီး နေရတယ်။ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေအတွက် ကြုံရာနေ့စားအလုပ် လုပ်ရတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


ထို့ကြောင့် တစ်ကျော့ပြန်စစ်ရှောင်များမှာ စားနပ်ရိက္ခာအကူအညီခံစားခွင့် စာရင်းမှ ထုတ်ပယ်ပြီး ဖြစ်သောကြောင့် ကနေဦး ရရှိသော နေရပ်ပြန် စားရိတ်မှ လွှဲ၍ စားနပ်ရိက္ခာ အကူအညီများ မရရှိသဖြင့် ခက်ခဲနေကြောင်းကို ဂါးရာယန် ကျေးရွာမှ ဝိုင်းမော် AG စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင် နေထိုင်သည့် ဒေါ်လွမ်းညွယ်မှ ယခုလို ပြောသည်။


“ကျမတို့က နေရပ်ပြန်ဖို့အတွက် စခန်းကနေ ထွက်ခွာလက်မှတ်ထိုးပြီး ထွက်ရတယ်။ ထွက်တဲ့အချိန် ရှလွမ် ကူညီထောက်ပံ့ရေး အဖွဲ့က နေရပ်ပြန်စားရိတ်အဖြစ် အိမ်ထောင်စု တစ်စုကို ငွေ၁သိန်း၊ ဆန်၁တင်းခွဲ ၁အိတ်၊ ဆီ ၁ပိသာနဲ့ KIT ပုံး ၁ခုပေးတယ်၊ KITထဲမှာက အိုးခွက် ၁စုံ၊ သွားတိုက်ဆေး သွားတိုက်တံ ၁စုံ၊ဆပ်ပြာ တစ်စုံ၊ တဘက်တစ်စုံတို့ ပါတယ်။ အဲဒါရပြီးတာနဲ့ ဂါးရာယန်ကို ပြောင်းနေရတယ်။ အခု တစ်ကျော့ပြန် စစ်ပြေးရပြန်တော့ စခန်းထဲက စားရင်းလည်း ထုတ်ပြီးသား ဆိုတော့ ပြန်ဝင်လို့မရဘူး၊ အရင်မထွက်ခင်က ရခဲ့တဲ့ ထောက်ပံ့ရိက္ခာတွေလည်း မရ‌တော့လို့ စားဝတ်နေရေး အရန်းခက်ခဲတယ်”


အစိုးရ၏ နေရပ်ပြန်လိုသူများ ပြန်နိုင်ရေး အစီအစဉ်အရ နမ့်ဆန်ယန်၊ ဒဘတ်ယန်၊ ကဇူးယန်နှင့် ဂါးရာယန်တို့တွင် အရပ်ဘက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် နေအိမ်များကို ပြန်လည်တည်ဆောက်ပေးပြီး ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ အချို့သော စစ်ရှောင်ပြည်သူများ မိမိတို့၏ နေရပ်သို့ ပြန်လည်အခြေချခဲ့သည်။ သို့သော် ၂၀၂၃ဩဂုတ်လမှ စ၍ နယ်မြေမတည်ငြိမ်မှုများနှင့် တစ်ကျော့ပြန် စစ်ပွဲများကြောင့် နေရပ်ပြန် စစ်ရှောင်များ ဒုတိယအကြိမ် စစ်ရှောင်ရပြန်သည်ဟု ဆိုသည်။


ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်း တာဝန်ခံများမှလည်း တစ်ကျော့ပြန်စစ်ရှောင်လာသူများကို စစ်ရှောင်စခန်းအတွင်း တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်၍ ခေတ္တခိုလှုံခွင့်ပြုထားကြောင်း၊ ယခုနှစ် မတ်လမှစ၍ စခန်းမှ အပြီးပိုင်ထွက်ခွာကာ အမည်စာရင်း အသစ်နှင့် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောသည်။


ဝိုင်းမော်မြို့ရှိ တစ်ကျော့ပြန် စစ်ရှောင်များသည် ယခင်နှစ် ဩဂုတ်လမှစ၍ ပြန်လည်ဖြစ်ပွားခဲ့သော နှစ်ဖက်တပ်များ၏ တိုက်ပွဲများကြောင့် ဒုတိယအကြိမ် ပြန်လည်ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်များ ဖြစ်ပြီး၊ အိမ်ခြေ ၁၀၀ကျော်ခန့် ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။


သတင်း - လေပြေ




Comments


Pajau Media

Thanks for subscribing!

bottom of page